နေပြည်တော် ဇန်နဝါရီ ၁၉
အမျိုးသားအဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေးကော်မတီ ၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ (၂) ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ကော်မတီပူးတွဲဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမောင်မောင်ဝင်း၊ သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ အမျိုးသားအဆင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေ ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမင်းမင်းက နည်းပညာနှင့်စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိသည့် လုပ်ငန်းအမျိုးအစား (Category-C) အောက်ရှိ အစီအမံများအတွက် နည်းပညာအထောက် အပံ့ရရှိနိုင်ရေး သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် လိုအပ်သလို ချိတ်ဆက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့ပြင် လုပ်ငန်းအမျိုးအစား (Category-B)အောက်ရှိ အစီအမံများနှင့် ပတ်သက်၍လည်း သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးအောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းအဖွဲ့များအနေဖြင့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပူးတွဲဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေး သဘောတူညီချက်ပါ အစီအမံများကို ဆောင်ရွက်ရာတွင် ကော်မတီအဖွဲ့ဝင်ဌာနများ အချင်းချင်း ချိတ်ဆက်ဆောင်ရွက် သွားရန်နှင့် ဖြေလျှော့ရမည့်ကိစ္စ ရပ်များကို ဖြေလျှော့သွားရန်၊ ကုန်သွယ်ဖက်နိုင်ငံများ၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာအထိ ချိတ်ဆက်ဆောင်ရွက်ကြရန် ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေ ရေးကော်မတီအတွင်းရေးမှူးက ယခင် ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တင်ပြပြီးသက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံအရာရှိများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များက လုပ်ငန်းအဖွဲ့အလိုက် တာဝန်ယူဆောင်ရွက်သည့် အစီအမံများအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြဆွေးနွေးကြရာ ကော်မတီဥက္ကဋ္ဌနှင့် ပူးတွဲဥက္ကဋ္ဌတို့က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်