Skip to main content

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၏ (၆)ထပ်ရုံးအဆောက်အဦသစ်နှင့် ဗဟိုသားဖွားသင်တန်းကျောင်း(ရန်ကုန်) RC(၅)ထပ် အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားများတက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၉

မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ၏ (၆)ထပ်ရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် ဗဟန်းမြို့နယ်၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာန၏ ကျန်းမာရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီသည် အထောက်အကူပြုပံ့ပို့ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ပြင် သူနာပြုနှင့်သားဖွားများ၏ စည်းကမ်းပိုင်းဆိုင်ရာနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာများကို ထိန်းသိမ်းစောင့်ရှောက်သည့် (Regulatory Body) အဖွဲ့အစည်းကြီးလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီအနေဖြင့် ဒေသတွင်းနှင့် အာဆီယံနိုင်ငံများနှင့်တန်းတူ သူနာပြုနှင့်သားဖွားများ၏ အရည်အသွေးများ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန်၊ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းများကို အသိအမှတ်ပြုလွှာ (Initial Accreditation Status)များ ပေးအပ်နိုင်ခဲ့ခြင်း၊ စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်း (Continuing Professional Development - CPD) စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး (၆)ထပ်ရုံးအဆောက်အဦတည်ဆောက်သည့် မှတ်တမ်းဗီဒီယိုကိုပြသကာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌတို့က အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်၍ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်က ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီဥက္ကဋ္ဌထံသို့ ထောက်ပံ့ငွေပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အဦသစ်အတွင်းရှိ သူနာပြုနှင့်သားဖွားများ၏ အရည်အသွေးစစ်ဆေးခန်းများ၊ စာကြည့်တိုက်များ၊ မှတ်တမ်းထိန်းသိမ်းထားရှိသည့် အခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဗဟိုသားဖွားသင်တန်းကျောင်း(ရန်ကုန်) RC(၅)ထပ်အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က RC (၅)ထပ်အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကျောင်းသည် သူနာပြုနှင့်သားဖွား သင်တန်းကျောင်း ၅၃ ကျောင်းအနက် နှစ်ပေါင်း ၁၂၀ ကျော်ရှိပြီဖြစ်သည့် သက်တမ်းအရှည်ဆုံးကျောင်းကြီးဖြစ်ပါကြောင်း၊ ကျောင်းကြီး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခေတ်နှင့်လျော်ညီစေရန် ယခုလို RC (၅) ထပ် အုပ်ချုပ်ရေးနှင့် စာသင်ဆောင်အဆောက်အဦအသစ်ကြီးကို နိုင်ငံတော်ဘဏ္ဍာငွေကျပ် ၉၄၅ ဒသမ ၇ သန်း အကုန်ကျခံတည်ဆောက် ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ ထို့ပြင် ဗဟိုသားဖွားသင်တန်းကျောင်း (ရန်ကုန်)သည် မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီမှ “Initial Accreditation Status” အသိအမှတ်ပြုလွှာကိုရရှိခဲ့သည့် ကျောင်းတစ်ကျောင်းဖြစ်သည့်အတွက် ဂုဏ်ယူပါကြောင်းနှင့်နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် တန်ဖိုးရှိလှသည့် အရည်အသွေးပြည့်ဝသော သားဖွားဆရာမများအား စဉ်ဆက်မပြတ် ဆက်လက်မွေးထုတ်သွားရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ဗဟိုသားဖွားသင်တန်းကျောင်း(ရန်ကုန်) ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ ကို သင်တန်းကျောင်းသို့ ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် RC(၅)ထပ် အုပ်ချုပ်ရေးနှင့် စာသင်ဆောင်သစ်ရှိ စာသင်ခန်း၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများတွင် သားဖွား သင်တန်းသူများ သင်ထောက်ကူပစ္စည်းများအသုံးပြု၍ လေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်