Skip to main content

စာပေနှင့် သတင်းမီဒီယာကဏ္ဍဖွံ့ဖြိုးရေး၊ စာကြည့်တိုက်များ ရေရှည်တည်တံ့စေရေး ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ဟောပြောဆွေးနွေးပွဲများကျင်းပ

တောင်ကြီး ဇန်နဝါရီ ၁၉

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံစာရေးဆရာအသင်းနှင့် မြန်မာနိုင်ငံစာကြည့်တိုက်ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး စာပေနှင့် သတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးလာစေရေး၊ ဒေသတွင်းရှိ စာကြည့်တိုက်များ ပိုမိုအားကောင်းလာစေရေးတို့အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ မြို့ကြီးအချို့တွင် ဟောပြောဆွေးနွေးပွဲများ ပြုလုပ်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်တွင် ရှမ်းပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်း၊ တောင်ကြီးမြို့နယ် စာရေးဆရာအသင်းတို့နှင့် ပူးပေါင်းပြီး တောင်ကြီးမြို့ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ လည်းကောင်း ဇန်နဝါရီ ၁၉ ရက်တွင် ကလောခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ၊ ကလောမြို့နယ်စာရေးဆရာအသင်းတို့နှင့် ပူးပေါင်းပြီး ကလောမြို့ အထက (၁) ကျောင်း၌လည်းကောင်း သက်ဆိုင်ရာ သတင်းမီဒီယာသမားများနှင့် စာပေသမားများ၊ စာကြည့်တိုက်ဖောင်ဒေးရှင်း တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး ဆွေနွေးပွဲများ ပြုလုပ်သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် မြန်မာနိုင်ငံစာရေး ဆရာအသင်းဥက္ကဋ္ဌ၊ စာကြည့်တိုက်ဖောင်ဒေးရှင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအောင်ပြည့်စုံ၊ ရှမ်းပြည်နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးညွန့်ရွှေ၊ ရှမ်းပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါ်မေမေနီ၊ ကလောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်နှင့် သက်ဆိုင်ရာ ခရိုင် မြို့နယ်အဆင့် တာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည်။

အဆိုပါဆွေးနွေးပွဲများတွင် လူငယ်အကျိုးပြု စာပေများ ထွန်းကားရေး၊ အဆိပ်သင့်စာပေများ ရေးသားထုတ်ဝေခြင်းကို ရှောင်ကြဉ်ရေး၊ သတင်းတု သတင်းမှားများကို ကျေပျက်အောင် ချေဖျက်ရေး၊ ဒေသတွင်း စာကြည့်တိုက်များ ရေရှည်ရပ်တည်ရှင်သန်နိုင်ရေးတို့အတွက် ဒေသခံစာပေသမားများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်