Skip to main content

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းသုံးသပ်အစည်းအဝေးနှင့် အခမ်းအနားမှူးသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၉

၂၀၂၃ ခုနှစ်တွင် ကျင်းပခဲ့သည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၏ လုပ်ငန်းသုံးသပ်အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ကျင်းပရာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ လုပ်ငန်းကော်မတီဝင်များ၊ ဆပ်ကော်မတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံက ပြိုင်ပွဲကျင်းပပြီးစီးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် ဌာနဆိုင်ရာဒုတိယဝန်ကြီးနှင့် နေပြည်တော် ကောင်စီအဖွဲ့ဝင်တို့က ဆွေးနွေးခဲ့ကြပြီး ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ကျင်းပပြီးစီးခဲ့သည့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး၏ အားသာချက်၊ အားနည်းချက်၊ အကြံပြုချက်များကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များကို ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ပြီး လာမည့် (၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် “ချင်းတိုင်းရင်းသားများ၏ ရိုးရာအက ကို ယှဉ်ပြိုင်ကြရမည်ဖြစ်သည့်အပြင် တိုင်းရင်းသားများအားလုံး၏ ရိုးရာတူရိယာများကို စုပေါင်းတီးခတ် သရုပ်ပြတင်ဆက်ခြင်းအစီအစဉ်ကို စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားကြရန် မှာကြားသည်။

ညနေပိုင်းတွင် အခမ်းအနားမှူးသင်တန်းဆင်းပွဲ အခမ်းအနားကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အမြဲတမ်းအတွင်းဝန် ညွှန်ကြားရေးမှူးချုပ်၊ အရာထမ်း/ အမှုထမ်းများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်း နည်းပြဆရာငါးဦးကို လက်ဆောင်ပစ္စည်းများပေးအပ်၍ အမြဲတမ်းအတွင်းဝန်က သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အခမ်း အနားမှူးသင်တန်းကို ဇန်နဝါရီ ၈ ရက်မှ ၁၉ ရက် အထိ ရက်သတ္တနှစ်ပတ်အကြာဖွင့်လှစ်ခဲ့ပြီး သင်တန်းသား ၂၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်