ပြင်ဦးလွင် ဇန်နဝါရီ ၁၉
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ် (Electric Vehicle ၊ EV)ကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် EV နည်းပညာရှင်များကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရေး၊ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးတို့ကို ဆက်စပ်ဌာန/အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့ မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ မြို့တော်ခန်းမ၌ ကျင်းပသည့် EV အန္တရာယ်ကင်းရှင်းရေး အသိပညာပေးနှင့် နည်းပညာပြန့်ပွားရေး ဟောပြောပွဲအခမ်းအနားသို့ တက်ရောက်သည်။
ဓာတ်ငွေထုတ်လွှတ်မှုလျှော့ချ
ဦးစွာ ဒုတိယဝန်ကြီးက ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့ကိုတိုက်ဖျက်နိုင်ရန်နှင့် ကမ္ဘာ့ဂေဟစနစ်ကို ရေရှည်တည်တံ့စေရန်တို့အတွက် လေထုလွှာအတွင်းသို့ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချနိုင်ရေးကို အဓိကဦးတည်လျက် ပါရီသဘောတူညီချက်အရ- ၂၀၅၀ ပြည့်နှစ်၌ ကာဗွန်ထုတ်လွှတ်မှုကင်းစင်ရေးကို နိုင်ငံတကာတွင် ရည်မှန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသဘောတူညီချက်အရ - နိုင်ငံတကာစွမ်းအင်အေဂျင်စီမှ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ယာဉ်ရောင်းချမှု၌ ၃၀ ရာနှုန်းသည် လျှပ်စစ်သုံးယာဉ်များဖြစ်ရန် ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့နိုင်ငံတွင်လည်း အခြားကမ္ဘာ့နိုင်ငံများနည်းတူ EV ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ပြင်ဦးလွင်မြို့တော်ကို Smart City အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် မီးခိုးမထွက်သော သဘာဝခရီးသွားလုပ်ငန်းများ ပီပြင်စွာဖော်ဆောင်နိုင်ရေးတို့အတွက် EV အသုံးပြုမှုကို အားပေးမြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ ယင်းအတွက် EV သုံးစွဲသူ ပြည်သူများက ဘေးအန္တရာယ်ကင်းရှင်းစွာ စံချိန်စံညွှန်းများနှင့်အညီ အသုံးပြုနိုင်ရေး အသိပညာပေးရန်လိုအပ်ပါကြောင်း၊ နည်းပညာတက္ကသိုလ်/ သိပ္ပံများတွင် EV ဆိုင်ရာ သင်ရိုးညွှန်းတမ်းများပါ ထည့်သွင်းခြင်းတို့ဖြင့် တစ်ချိန်တွင် နိုင်ငံတော်က အမှန်တကယ်အားထားရသည့် EV နည်းပညာရှင်များ ဖြစ်ထွန်းလာသည်အထိ မျှော်မှန်းဆောင် ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက EV နည်းပညာပြန့်ပွားရေးဆိုင်ရာများကို ဟောပြောကြသည်။
ကြည့်ရှုအားပေး
ယင်းနောက် ဒုတိယဝန်ကြီးသည် အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး ဉာဏ်စမ်းပဟေဠိ(Quiz)များ ဖြေဆိုလျက်ရှိကြသည့် ပြင်ဦးလွင်ရှိ အခြေခံပညာအထက်တန်း ကျောင်းများနှင့် အစိုးရစက်မှုလက်မှုသိပ္ပံမှ ကျောင်းသား ကျောင်းသူများကို ကြည့်ရှုအားပေးသည်။
တက်ရောက်
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်