Skip to main content

ထားဝယ်မြို့ မောင်မယ်ရှောင်ကျေးရွာအနီးတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံများ ဖမ်းဆီးခံရကြောင်း သတင်းတု၊ သတင်းမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၉

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မောင်မယ်ရှောင်ကျေးရွာအနီးတွင် ဇန်နဝါရီ ၁၈ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ဆယ်နဲ့ချီ ဖမ်းဆီးခဲ့ကြောင်းနှင့် မောင်မယ်ရှောင်ကျေးရွာမှ ဆိုင်ကယ်ခုနစ်စီးထက်မနည်း ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ယင်းနေ့တွင် မောင်မယ်ရှောင်ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ဒေသခံပြည်သူများအား ဖမ်းဆီးခဲ့ခြင်းမရှိကြောင်းနှင့် ပြည်သူများ၏ ပစ္စည်းဥစ္စာများကို ယူဆောင်ခြင်းမရှိကြောင်း သိရှိရသည်။

နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများက အထင်အမြင် လွဲမှားစေရန်နှင့် ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက ဖြစ်စဉ်၊ ဖြစ်ရပ်များကို အခြေခံ၍ ၎င်းတို့လိုရာ ရေးသားပြီး သတင်းအမှားများကို လူမှုကွန်ရက်တွင် ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်