နေပြည်တော် ဇန်နဝါရီ ၁၉
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုပ္ပားမြို့၏ အရှေ့မြောက်ဘက်နှစ်မိုင်ခန့်အကွာ ငါးရံ့ကုန်းရွာအနီးရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံ(ပုပ္ပား)၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထုတ်လုပ်မှုတိုးမြှင့်နိုင်ရေး
ရှေးဦးစွာ စက်ရုံရှင်းလင်းဆောင်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက စက်ရုံ၏ထုတ်လုပ်မှုတို့ကို တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည်ဖြစ်သဖြင့် လိုအပ်ချက်များ ကြိုတင်ပြင်ဆင်ထားရန်လိုအပ်ပါကြောင်း၊ စက်ရုံပိုင်ဆိုင်မှုမြေယာများကို ဌာနပိုင်အမည်ပေါက်ရရှိရေး ဆက်လက်ဆောင်ရွက်ရန်နှင့် မိမိတို့၏ ဌာနပိုင်မြေအဖြစ်ရရှိပြီးဖြစ်သည့်နေရာများတွင် ကျူးကျော်ဝင်ရောက်မှုမရှိစေရေး သတ်မှတ်ဧရိယာတစ်လျှောက် မှတ်တိုင်စိုက်ခြင်း၊ ကြီးမြန်သစ်ပင်များ စိုက်ပျိုးခြင်းတို့ ဆောင်ရွက်ထားရန်လိုကြောင်းမှာကြားပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေး၍ ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများပေးအပ်ကာ စက်ရုံအတွင်း သဘာဝပိုဇိုလန် ထုတ်လုပ်ဖြန့်ဖြူးမှုလုပ်ငန်းစဉ်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ကုန်ကျစရိတ်သက်သာ
အဆိုပါစက်ရုံမှထုတ်လုပ်သည့် သဘာဝပိုဇိုလန်ကို ကွန်ကရစ်တမံကြီးများ တည်ဆောက်ရာတွင် ကွန်ကရစ်အပူချိန် (Heat of Hydration) မြင့်တက်ခြင်းဖြစ်ပေါ်သဖြင့် အယ်ကာလီ-စီလီကာဓာတ်ပြုခြင်း (Alkali - Silica Reaction)ကို ထိန်းချုပ်ရန်လည်းကောင်း၊ တည်ဆောက်ချိန် ကာလတိုတောင်း၍ ကုန်ကျစရိတ်သက်သာစေရန်လည်းကောင်း၊ သဘာဝပိုဇိုလန်နှင့် ဘိလပ်မြေကို ရောနှောအသုံးပြု၍ RCC Dam (Roller Compacted Concrete Dam)များအဖြစ် တည်ဆောက်ရာတွင် အသုံးပြုလျက်ရှိသည်။ မြန်မာနိုင်ငံတွင် တည်ဆောက်ပြီးစီးခဲ့သည့် ရဲရွာကွန်ကရစ် ရေလှောင်တမံနှင့် အထက်ပေါင်းလောင်းကွန်ကရစ်ရေလှောင်တမံတည်ဆောက်ရာတွင် သဘာဝပိုဇိုလန်နှင့်ဘိလပ်မြေကို ရောနှောအသုံးပြု၍ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့အထိ ထုတ်လုပ်ပေးခဲ့သည့် ပိုဇိုလန်ကုန်ချောတန်ချိန် ပေါင်းမှာ ၅၆၈၈၄၉ ဒသမ ၉ တန်ချိန်ဖြစ်ကြောင်း သိရသည်။
ပိုဇိုလန်နှင့်ဘိလပ်မြေရောစပ်
ထို့ပြင် သံချောင်းပုံစံဆင်ခြင်း (Structure Design)ဖြင့် ဆောက်လုပ်ခြင်းမဟုတ်သည့် တစ်ထပ်အဆောက်အဦများနှင့် လမ်း၊ အုတ်တံတိုင်း၊ ရေကန် စသည့် အခြေခံလူမှုအဆောက်အအုံများကို သဘာဝပိုဇိုလန်နှင့် ဘိလပ်မြေရောစပ်၍ ကုန်ကျစရိတ်သက်သာစွာဖြင့် ကောင်းမွန် ခိုင်မာစွာ ဆောက်လုပ်နိုင်ကြောင်း သိရသည်။
သတင်းစဉ်