Skip to main content

ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် အဓိကမြစ်ကြီးများနှင့် ဆက်နွှယ်နေသည့် မြစ်ဝှမ်းဒေသများအတွင်းရှိ ရေအားအရင်းအမြစ်များကိုလေ့လာ၍ နိုင်ငံတော်အတွက် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရေး မဖြစ်မနေကြိုးပမ်းဆောင်ရွက်ရမည်

နေပြည်တော် ဇန်နဝါရီ ၁၉

ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏(၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ရေအားအရင်းအမြစ်စူးစမ်းလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်အမှာစကားပြောကြားသည်။

ညှိနှိုင်းအစည်းအဝေးသို့ အဖွဲ့ဝင်များဖြစ်ကြသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဝန်ကြီးဌာနအသီးသီးမှအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အကျိုးရှိစွာအသုံးချနိုင်ရေး

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် အာဆီယံဒေသတွင်း အခြားနိုင်ငံများထက် ရေအရင်းအမြစ် ပေါကြွယ်ဝသော်လည်း နိုင်ငံ၏ပထဝီဝင်အနေအထားနှင့် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များကြောင့် ရေနှင့်ပတ်သက်သည့် အခက်အခဲပြဿနာများ နှစ်စဉ်ကြုံတွေ့နေရသဖြင့် ရေကဏ္ဍစီမံခန့်ခွဲမှုများသည် အရေးပါလျက်ရှိကြောင်း၊ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအနေဖြင့် အဓိကမြစ်ကြီးများနှင့် ဆက်နွှယ်နေသည့် မြစ်ဝှမ်းဒေသများအတွင်းရှိ ရေအားအရင်းအမြစ်များကို လေ့လာ၍ နိုင်ငံတော်အတွက် ထိရောက်အကျိုးရှိစွာ အသုံးချနိုင်ရေး မဖြစ်မနေကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မြစ်ကြီးများနှင့်ဆက်နွှယ်သည့် စိုက်ပျိုးရေနှင့်သောက်သုံးရေပေးဝေရေး၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး၊ ရေကြောင်းပို့ဆောင်ရေး၊ ရေနှင့် ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေးလုပ်ငန်းများမှတစ်ဆင့် ပြည်သူများ၏ စီးပွားရေး၊ လူမှုရေးနှင့် လူနေမှု အဆင့်အတန်းမြင့်မားရေးအတွက် ပိုမိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း။

သတိပြုလေ့လာ

အဖွဲ့က လက်တွေ့ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရေအားအရင်းအမြစ်ပမာဏ တိုင်းတာတွက်ချက်ရေးလုပ်ငန်းအဖွဲ့ခွဲနှင့် ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်ရေးလုပ်ငန်းအဖွဲ့ခွဲတို့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြစ်ကြီးများနှင့် သက်ဆိုင်သည့်ကဏ္ဍအလိုက် အချက်အလက်များကို စုစည်းပြုစု၍ တင်ပြလျက်ရှိကြောင်း၊ မြစ်ကြီးများ၏ အချက်အလက်များ လေ့လာတိုင်းတာ စုဆောင်းရာတွင် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ၊ ရေဝေရေလဲဒေသပြောင်းလဲမှုများနှင့် သဲနုန်းပို့ချမှုတို့ကြောင့် မြစ်များ၏ အခြေအနေနှင့် အချက်အလက်ပြောင်းလဲမှုများရှိနိုင်သဖြင့် သတိပြုလေ့လာဆောင်ရွက်ကြရန်လိုကြောင်း၊ ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ တိုင်းတာလေ့လာမှုများမှ ရရှိသည့်အချက်အလက်များကိုအခြေခံ၍ သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များက ကျွမ်းကျင်သူများနှင့်ပူးပေါင်း၍ နိုင်ငံတော်အတွက် ရေဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ပါက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက ကမ္ဘာ့ကုလသမဂ္ဂ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးမျှော်မှန်းချက်များ(Sustainable Development Goals)ကို အကောင်အထည်ဖော်ဆောင်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားနှင့် အဖွဲ့၏ လုပ်ငန်းတာဝန်များ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တက်ညီလက်ညီကြိုးပမ်း ဆောင်ရွက်ပေးရန်တိုက်တွန်းကြောင်း ပြောကြားသည်။

ထို့နောက် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ အချက်အလက်များ စုဆောင်းထားရှိမှု၊ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်မှုနှင့် အချက်အလက်များပေးပို့မှု၊ အချက်အလက်စုဆောင်းရရှိမှုအပေါ် သုံးသပ်တင်ပြချက်၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့အတွင်းရေးမှူး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က Power Point Presentation ဖြင့် ရှင်းလင်းတင်ပြသည်။

ဝိုင်းဝန်းဆွေးနွေး

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးနှင့်ဆက်နွှယ်သည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့၏ လုပ်ငန်းတာဝန်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးအကြံပြုကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်များ၏ မြစ်ဖျားမှစတင်ပြီး ပင်လယ်သို့ ရောက်သည်အထိ ရေစီးနှုန်းတိုင်းတာရန်နှင့် ရေလမ်းကြောင်း အခြေအနေအပါအဝင် ရေအရင်းအမြစ်ပမာဏကို စူးစမ်းလေ့လာ ဆောင်ရွက်နိုင်ရေးအတွက် ရေအားအရင်းအမြစ် စူးစမ်းလေ့လာရေးအဖွဲ့ကို ၂၀၂၂ ခုနှစ် မတ် ၇ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် ၄၃/၂၀၂၂ ဖြင့် ဖွဲ့စည်းပေးခဲ့သည်။

ထိုကဲ့သို့ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် မြစ်ကြီးများနှင့်သက်ဆိုင်သည့် ရေဆိုင်ရာအချက်အလက်များကို တိုင်းတာတွက်ချက်ကာ စနစ်တကျ စုစည်းမှတ်တမ်းတင်ထားရှိနိုင်ပြီး ရေနှင့်ဆက်နွှယ်သည့်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများအကြား အချက်အလက်များမျှဝေသုံးစွဲမှု၊ မြစ်ကြီးများနှင့်ဆက်နွှယ်သည့် ရေဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရေနှင့်ဆက်နွှယ်သည့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများနှင့် စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများကို ထိရောက်စွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်။

သတင်းစဉ်