Skip to main content

MGMA က ကြီးမှူးဖွင့်လှစ်သည့် အခြေခံမော်တာစက်ချုပ်သင်တန်းမှတစ်ဆင့် လူဦးရေသောင်းဂဏန်းဝန်းကျင်အထိ အလုပ်အကိုင်ချိတ်ဆက်ပေးနိုင်ခဲ့

ရန်ကုန် ဇန်နဝါရီ ၁၈

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က ကြီးမှူးပြီး အခြေခံမော်တာစက်ချုပ် သင်တန်းကို ဖွင့်လှစ်ပြီးနောက် အထည်ချုပ်လုပ်ငန်းရှင်နှင့် အထည်ချုပ်စက်ရုံ၌ လုပ်ကိုင်လိုသူများအကြား အလုပ်အကိုင်များ ချိတ်ဆက်ပေးလျက်ရှိရာ လူဦးရေသောင်းဂဏန်း ဝန်းကျင်အထိ အလုပ်အကိုင်ချိတ်ဆက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါသင်တန်းကျောင်းမှ သိရသည်။

အခြေခံ မော်တာစက်ချုပ် သင်တန်းအမှတ်စဉ်တစ်ခုတွင် လူဦးရေ ၂၀၊ ၄၀၊ ၅၀၊ ၈၀ စသည်ဖြင့် တက်ရောက်သူများရှိပြီး သင်တန်းသားများအနေဖြင့် ရန်ကုန်အပြင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် စသည့်နေရာဒေသများမှ တက်ရောက်သူများရှိကြောင်း အထက်ပါသင်တန်းကျောင်းမှ သင်တန်းနည်းပြ ဆရာမတစ်ဦးကပြောသည်။

အဆိုပါသင်တန်းကို အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်ကာ ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလပြီးဆုံးပါက MGMA တွင် အသင်းဝင်ထားသည့် အထည်ချုပ်စက်ရုံများနှင့် နယ်ဝေးမှအလုပ်အကိုင် ရှာဖွေနေသူများ၊ အထည်ချုပ်စက်ရုံများတွင်လုပ်ကိုင်ရန် စိတ်ဝင်စားသူတို့အကြား ချိတ်ဆက်ကာ အလုပ်ရရှိရန် ကူညီပေးနေကြောင်း သိရသည်။

“သင်တန်းပြီးဆုံးရင် အလုပ်အကိုင်အနေနဲ့က MGMA မှာ member ဝင်ထားတဲ့ အထည်ချုပ် စက်ရုံတွေနဲ့ချိတ်ဆက်ပေးတယ်။ ဒီသင်တန်းပြီးသွားရင် စက်ရုံတွေက လူခေါ်ရင် အဲဒီစက်ရုံတွေကို ပို့ပါတယ်။ ၂၀၁၂ ဝန်းကျင်လောက်ကစပြီးအခုဆိုရင် လူဦးရေသောင်းဂဏန်း ဝန်းကျင်လောက်အထိ အလုပ်အကိုင်တွေ ချိတ်ဆက်ပေး ပြီးပါပြီ။ သင်တန်းသားတွေထဲမှာ တချို့ကစက်ရုံမှာလုပ်တဲ့သူ တချို့ရှိတယ်။ ကိုယ်ပိုင်အိမ်မှာယူပြီး ချုပ်တာလေးတွေလည်း ရှိတယ်” ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) မှ ကြီးမှူးပြီး အခြေခံမော်တာ စက်ချုပ်သင်တန်း အမှတ်စဉ် (၂၃၂) ကိုလည်း ဇန်နဝါရီ ၂၂ ရက်မှ ဖေဖော်ဝါရီ ၉ ရက်အထိ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံဖြိုးရေးစင်တာ (MGHRDC)တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

MT