နေပြည်တော် ဇန်နဝါရီ ၁၈
ယူဂန်ဒါနိုင်ငံ၊ ကမ်ပါလာမြို့၌ကျင်းပပြုလုပ်လျက်ရှိသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အစည်းအဝေးကာလအတွင်း သီးခြားဆွေးနွေးပွဲအဖြစ် ဇန်နဝါရီ ၁၇ ရက်တွင် ကာတာနိုင်ငံ၏ State Minister for Foreign Affairs ဖြစ်သူ Mr. Soltan bin Saad Al-Muraikhi နှင့် ရန်ဇိုရီကွန်ဗင်းရှင်းစင်တာ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့ပြင် မြန်မာ-ကာတာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာစေရေး၊ ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့တွင်း ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်