Skip to main content

ထားဝယ်မြို့၌ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေး အတွက် မော်တော် ဆိုင်ကယ်စီးနင်းသူများအား ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေ

ထားဝယ်   ဇန်နဝါရီ   ၁၆

အမှတ်(၁၁) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (တနင်္သာရီ)နှင့် မျိုးသိန်းအီလက်ထရောနစ် ကုမ္ပဏီ(TCL)တို့ ပူးပေါင်း၍ ပြည်သူများ ယာဉ်မတော်တဆမှုကြောင့် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် မော်တော် ဆိုင်ကယ်စီးနင်းသူများအား ယနေ့ နံနက် ၉ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ နိဗ္ဗာန်လမ်း၊ ကမ္ဘောဇ ဘဏ် အနီး၌ ဆိုင်ကယ်စီးဦးထုပ်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ပြီး ဆိုင်ကယ်စီးနင်း ခရီးသွားလာ ပြည်သူများအား ဆိုင်ကယ်ဦးထုပ်များ ဆောင်းပေးခဲ့သည်။

''ဆိုင်ကယ် စီးနင်းခရီးသွားလာ ပြည်သူများ ယာဉ်စည်းကမ်းလိုက်နာပြီး အသက်အန္တရာယ် ကင်းဝေးစေရန် ဦးထုပ်များ အခမဲ့ဖြန့်ပေးဝေခြင်း ဖြစ်တယ်။ ယခုလို ပေးဝေတဲ့ အခါမှာလည်း အသိပညာပေး လုပ်ငန်းများအနေဖြင့် ဆိုင်ကယ်တစ်စီးမှာ ရှိရမည့် တပ်ဆင်ထားမှုများ ပြည့်စုံမှုရှိရဲ့လား ဆိုတာကို  အရင်ဆုံး ကြည့်ရှုစစ်ဆေးပါတယ်။ ၎င်းအပြင် ဦးထုပ်ဆောင်းထားသူနှင့် ယာဉ်မောင်းလိုင်စင်ရှိသူများကို စစ်ဆေးရွေးချယ်ပြီး ဂုဏ်ပြုသည့် အနေဖြင့် ဆိုင်ကယ်စီး ဦးထုပ်တွေကို အခမဲ့ ဖြန့်ဝေပေးတာ ဖြစ်ပါတယ်'' ဟု အမှတ်(၁၁)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲစုမှူး ရဲမှူးမိုးကျော်က ပြောသည်။

ယာဉ်လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆိုင်ကယ်စီးနင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပြည့်စုံခြင်း ရှိ၊ မရှိကို စစ်ဆေးပြီး သတ်မှတ် စည်းကမ်းချက်များနှင့် ပြည့်စုံသူများကိုသာ ဆိုင်ကယ်စီး ဦးထုပ်များ အခမဲ့ ဖြန့်ဝေ ပေးခြင်းဖြစ်ကြောင်း သိရသည်။

 “ဆိုင်ကယ်စီးဦးထုပ်များကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အလုံးရေ (၉၀၀၀) ကျော်ကိုပေးခဲ့ပြီးဖြစ်ပါတယ်။ ဦးထုပ်ပေးရတဲ့ ရည်ရွယ်ချက်ကတော့ ဆိုင်ကယ်စီးနင်းသူများ ယာဉ်စည်းကမ်းလိုက်နာမှုအားနည်းတယ်။ အဲဒီအချိန်မှာ ဦးထုပ်မဆောင်းဘူး။ ဦးထုပ်မဆောင်းတဲ့အချိန် အသက်အန္တရာယ်ဆုံးရှုံးရနိုင်တဲ့ အနေအထား ဖြစ်နိုင်တယ်။ အသက်အန္တရာယ် ကာကွယ်စေချင်တဲ့သဘောဖြင့် ဦးထုပ်များကို ဝေပေးချင်ဖြစ်ပါတယ်။ ပေးဝေသည့် အချိန်မှာ လူတိုင်းကို ပေးဝေခြင်း မဟုတ်ပါဘူး။ စည်းကမ်းလိုက်နာပြီး ယာဉ်မောင်းလိုင်စင်ပါရမယ်။ ဆိုင်ကယ်လိုင်စင် ရှိရမယ်။ အရှေ့နံပါတ်ပြား၊ အနောက်နံပါတ်ပြား ပါရှိရမယ်။ အဲဒီအချက်အလက် ပြည်စုံတဲ့သူကို  ဆုအနေဖြင့် ဦးထုပ်ချီးမြှင့်ခြင်း ဖြစ်ပါတယ်။ ဦးထုပ်လည်းပေးရင်း အသက်လည်း ကာကွယ်စေချင်တဲ့သဘောပေါ့နော်။ အဲဒီရည်ရွယ်ချက်ကို ဦးတည်ပြီး ပေးခြင်းဖြစ်ကြောင်း” ဆိုင်ကယ်စီးဦးထုပ်များလှူဒါန်းသည့် မျိုးသိန်း အီလက်ထရောနစ် ကုမ္ပဏီမှ ဒါရိုက်တာ သက်ထက်ငြိမ်း က ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မျိုးသိန်းအီလက်ထရောနစ်ကုမ္ပဏီ(TCL)  က ဆိုင်ကယ်စီး ဦးထုပ်အလုံး(၂၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြိတ်မြို့၊ ပုသိမ်နှင့် မြောင်းမြတို့တွင် ဆက်လက်ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်လတ် (ခရိုင် ပြန်/ဆက်)