မုံရွာ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ၌ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီ၌ ဆောင်းသီးနှံစုံ ဧက တစ်သိန်းကျော်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဆောင်းသီးနှံစုံ ၁၀၂၇၂၆ ဧက စိုက်ပျိုးရန်လျာထား
မုံရွာမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံစုံ ၁၀၂၇၂၆ ဧက စိုက်ပျိုးရန် လျာထားခဲ့ပြီး ၁၀၀၄၀၈ ဧကအထိ စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစိုးသက်အောင် က ပြောသည်။
စိုက်ပျိုးပြီးသော ဆောင်းသီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းမွန်စေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများက ပိုးမွှားကျရောက်မှု ကင်းထောက်ခြင်း၊ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ် အသုံးပြုနည်း စသည့် စိုက်ပျိုးရေး နည်းပညာများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မုံရွာမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစုံ စိုက်ပျိုးမှုအဖြစ် ပဲမျိုးစုံ ၃၈၈၂၄ ဧက၊ ဆီထွက်သီးနှံ ၂၇၀၈၃ ဧက၊ စားဖိုဆောင်သီးနှံ ၈၄၀၆ ဧက၊ အခြားသီးနှံ ၁၇၈၁၁ ဧက၊ နှံစားသီးနှံပေါင်း ၈၂၈၄ ဧက စုစုပေါင်း ၁၀၀၄၀၈ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်လမ်း ရရှိနေကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)