နေပြည်တော် ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၁)ရပ်ကွက်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါရပ်ကွက်ရှိ ဆင်နှစ်ကောင် ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် နယ်မြေခံဆေးကုသရေးအဖွဲ့က အရိုးအကြောရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာတော် ၂၃ ပါးနှင့် ဒေသခံ ပြည်သူ ၁၀၀ တို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန်လိုအပ်သူများကို နယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ နတ်မော်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ သံဃာတော် ၁၁ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၃ ပါး နှင့် ကျောင်းသား ကျောင်းသူ ၄၇၈ ဦးတို့ကို အဆိုပါ ကျောင်းတိုက်၌ အရိုးအကြောရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ အရေပြားရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းနှင့် ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများကို နယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ကျောင်းတိုက် ဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တ ဉာဏိဿရအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်