Skip to main content

နောင်တရားဒေသ၌ ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများ ကော်ဖီစိုက်ပျိုးမှုကို စိတ်ဝင်စားလာ

နောင်တရား ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့အနီး ပတ်ဝန်းကျင်ကျေးရွာများ၌ ဥယျာဉ်ခြံစိုက်ပျိုးသည့် တောင်သူများ ကော်ဖီစိုက်ပျိုးခြင်းကို စိတ်ဝင်စားလာကြ ကြောင်း ဥယျာဉ်ခြံစိုက်တောင်သူ တစ်ဦးထံမှ သိရသည်။

“နောင်တရားဒေသမှာ ထောပတ်ဥယျာဉ်ခြံ၊ လိမ္မော်ခြံ၊ ဆန်းကစ်သီး၊ သစ်တော်သီး စတဲ့သီးနှံတွေကို စိုက်ပျိုးကြပါတယ်။လိမ္မော်ခြံနဲ့ ဆန်းကစ်သီးခြံတွေမှာ သီးညှပ်စိုက်ပျိုးလို့ရတဲ့ သီးနှံမရှိဘူး။ ထောပတ်ခြံမှာဆိုရင် ဝဥနဲ့ကော်ဖီကို သီးညှပ်စိုက်လေ့ရှိတယ်။ ကော်ဖီကတော့ စမ်းသပ် စိုက်တာ သုံးလေးဦးလောက်ပဲရှိဦးမယ်။ သစ်တော်သီးဥယျာဉ်ခြံမှာတော့ ခရမ်းချဉ်၊ အာလူး၊ ငရုတ်နဲ့ တခြားသီးနှံတွေကိုလည်း သီးညှပ်စိုက်ပျိုးဖြစ်ပါတယ်။ ဥယျာဉ်ခြံအဖြစ် ထောပတ်ကို အများဆုံးစိုက်ပျိုးဖြစ်ပါတယ်။ ထောပတ်က ထိန်းသိမ်းမှုစရိတ်နည်းလို့ပါ။ ဒါပေမယ့် ထောပတ်တစ်မျိုးတည်း ဝင်ငွေနဲ့မိသားစု စားဝတ်နေရေးအတွက် မရပ်တည်နိုင်ဘူး။ သီးညှပ်အဖြစ် ကော်ဖီကို စမ်းသပ်စိုက်ပျိုးတာအောင်မြင်နေပါပြီ။ ဒေသနဲ့လည်း ကိုက်ညီရမယ်။ ဈေးကွက်လည်းရှိရမယ့် ကော်ဖီမျိုးတွေလိုအပ် နေပါတယ်”ဟု နောင်တရား အမှတ်(၁)ရပ်ကွက်မှ ထောပတ်နှင့် ကော်ဖီတွဲလျက် စိုက်ပျိုးသည့် တောင်သူက ပြောသည်။

ယခင်နှစ်များတွင် ကော်ဖီသီးအမှည့်တစ်ပိဿာလျှင် ငွေကျပ် ၃၅၀၀ မှ ၄၀၀၀ အထိ အရောင်းအဝယ်ပြုလုပ်နေကြပြီး အဆိုပါကော်ဖီသီးများကို ရွာငံ၊ ပင်းတယ၊ ပင်လောင်း စသည့် ကော်ဖီစက်ရုံများမှ ဝယ်ယူကြသည်။ အချို့တောင်သူများလည်း ကော်ဖီကိုအခြောက်ခံ၍ သိုလှောင်ပြီး ပြန်လည်ရောင်းချသည့် တောင်သူများလည်းရှိသည်။ ယခုနှစ်တွင် ကော်ဖီအမှည့် တစ်ပိဿာလျှင် ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ ရောင်းချရကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)