နေပြည်တော် ဇန်နဝါရီလ ၁၇
မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲတွင် တိုက်ပွဲမရှိဘဲ တပ်မတော်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မဟုတ်မမှန် သတင်းများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာဒေသတွင် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသော တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့် အခြားသတင်းများအရ တပ်စခန်းများမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုမရှိကြောင်း၊ တပ်မတော်စစ်ကြောင်းများမှ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်မှုကို အကြမ်းဖက်သောင်းကျန်းသူများက အဝေးမှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drone များဖြင့် Drop Bomb ချ တိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ရာ ၎င်းလက်နက်ကြီး ကျည်အချို့သည် ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲခြင်းများကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိကြောင်း သိရှိရသည်။
အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာများသည် ပြည်သူအပေါ် အကြမ်းဖက်ဆောင်ရွက်နေသော PDF အမည်ခံအကြမ်းဖက်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူအချို့တို့၏ လုပ်ရပ်များကို ဖုံးကွယ်ပေးရန်အတွက် သတင်းမှားများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။