Skip to main content

ပြည်ထောင်စုဝန်ကြီးဦးလှမိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်း သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းပေးအပ်ပွဲသို့ တက်ရောက်

နေပြည်တော် ဇန်နဝါရီ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် ဝါးအခြေခံလက်မှုထည် ထုတ်လုပ်မှုနည်းပညာသင်တန်း၊ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၊ စက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲနှင့် ထူးချွန်သူများအား လုပ်ငန်းသုံး စက်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

အခမ်းအနားသို့ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်လာနိုင်ရန်နှင့် မိသားစုဝင်ငွေတိုးပွားလာပြီး လူမှုစီးပွားဘဝမြင့်မားလာစေရန်ရည်ရွယ်လျက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှ စတင်ကာ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းများကို ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုမှ ကျေးရွာ ၁၅၂ ရွာ ရွေးချယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ လည်း နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ၁၅ ခုမှ ကျေးရွာ ၂၂၁ ရွာ ရွေးချယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျေးရွာဖွံ့ဖြိုးမှ တိုင်းပြည်ဖွံ့ဖြိုးမည်ဖြစ်၍ နိုင်ငံတော်က အားပေးကူညီဆောင်ရွက်ပေး နေသည့်အပေါ် ကျေးရွာသူကျေးရွာသားများကလည်း ဝိုင်းဝန်းပူးပေါင်း ကြိုးပမ်းဆောင်ရွက်ကြပါဟု တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းသုံးစက်ပစ္စည်းများ ရရှိကြသည့် သင်တန်းသားသင်တန်းသူများအနေဖြင့် ရရှိသည့်အခွင့်အရေးကို အကျိုးရှိရှိအသုံးချရေး၊ ဒေသထွက်ကုန်ကြမ်းကို အခြေခံပြီး အရည်အသွေးပြည့် တန်ဖိုးမြှင့်ထုတ်ကုန်များကို အဆင့်မြင့်ထုပ်ပိုးမှုပုံစံများဖြင့် ပြည်တွင်းသာမက ပြည်ပသို့တင်ပို့ရောင်းချနိုင်ရေး အားထည့်ကြိုးပမ်းဆောင်ရွက်ကြပါဟု တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တံတားဦကျေးရွာမှ ထူးချွန်သင်တန်းသား ငါးဦးအတွက် အပ်ချုပ်စက်၊ ဓားစက်၊ ဘီတင်စက်များကိုလည်းကောင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အောင်မြင်ကုန်းကျေးရွာမှ ထူးချွန်သင်တန်းသားငါးဦးအတွက် Oven၊ Mixer နှင့် Hand Mixer စက်များကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက လဲလူးအိုင်ကျေးရွာမှ ထူးချွန်သင်တန်းသားငါးဦးအတွက် Miter Saw နှင့် Power Art Motor စက်များကိုလည်းကောင်း၊ နေပြည်တော် ကောင်စီဝင်များက ထူးချွန်သင်တန်းသား သင်တန်းသူများအား Sander စက်များ၊ အပ်ချုပ်စက်များ၊ ဓားစက်များနှင့် ဘီတင်စက်များကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များက ထူးချွန်သင်တန်းသား သင်တန်းသူများအား ဒစ်ဂျစ်တယ်မီးဖိုများ၊ ပိဿာချိန်စက်၊ Heat Gum စက်များ၊ မီးပူများနှင့် မီးပလပ်ခုံများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက သင်တန်းသားသင်တန်းသူများထံ သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်