Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သံမဏိ၊ အထည်အလိပ်နှင့် ဆေးဝါးစက်ရုံများ ကြည့်ရှုလေ့လာရန် အိန္ဒိယသမ္မတနိုင်ငံသို့ ထွက်ခွာ

နေပြည်တော် ဇန်နဝါရီ ၁၆

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ သံမဏိ၊ အထည်အလိပ်နှင့်ဆေးဝါး စက်ရုံများကြည့်ရှုလေ့လာရန် ရန်ကုန်မြို့မှ အိန္ဒိယသမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

တွေ့ဆုံဆွေးနွေးသွားမည်

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယသမ္မတနိုင်ငံသို့ ရောက်ရှိနေစဉ်ကာလအတွင်း သံမဏိစက်ရုံများ၊ အထည်အလိပ်စက်ရုံများ၊ ဆေးဝါးစက်ရုံများနှင့် ၎င်းတို့နှင့်သက်ဆိုင်သည့် နည်းပညာတက္ကသိုလ်၊ ကောလိပ်များကို လေ့လာကြည့်ရှုခြင်း၊ ဘန်ဂေါကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှတာဝန်ရှိသူများ၊ စီးပွားရေးဆိုင်ရာအသင်းများ၊ ဆေးဝါးဆိုင်ရာအဖွဲ့အစည်းများ၊ အထည်အလိပ်ဆိုင်ရာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်သည်။

ပို့ဆောင်နှုတ်ဆက်

ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်ငါးဦးလိုက်ပါသွားပြီး အဆိုပါကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဝန်ကြီးဌာနမှ စက်ရုံမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ ဒုတိယသံအမတ်နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် လိုက်ပါပို့ဆောင် နှုတ်ဆက်ကြကြောင်း သိရသည်။

သတင်းစဉ်