ရန်ကုန် ဇန်နဝါရီ ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ၌ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းရမည့်ကိစ္စများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြစေလိုကြောင်း၊ အခမ်းအနားကျင်းပရေးအတွက် ဖိတ်ကြားရေး၊ တည်းခိုနေထိုင်ရေး၊ အခမ်းအနားကျင်းပရေး၊ ဆုချီးမြှင့်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေးနှင့်လုံခြုံရေးကိစ္စများကို လစ်ဟာမှုမရှိအောင် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ အခမ်းအနားသို့တက်ရောက်လာမည့် သက်ကြီးအနုပညာရှင်ကြီးများ၏ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကိုလည်း ညှိနှိုင်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ဆပ်ကော်မတီအလိုက် ရေးဆွဲထားသည့် စီမံချက်ပါအချိန်ဇယားအတိုင်း လုပ်ငန်းများပြီးမြောက်အောင် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် တက်ရောက်လာကြသူများက ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်