ရန်ကုန် နေပြည်တော် ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းက ကျင်းပသည့် မြန်မာ-တရုတ်ချစ်ကြည်ရေး ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်၍ နှုတ်ခွန်းဆက်စကား ပြောကြားသည်။
အဆိုပါ ဂုဏ်ပြုညစာစားပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Mrs. Qiao Li ၊ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ မစ္စတာရွှီးကျန့် ဂေါ်နှင့် ချစ်ကြည်ရေးအဖွဲ့ဝင်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့် မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး အသင်းနာယက ဦးတင်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဂုဏ်ပြုညစာစားပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာ-တရုတ်ဆက်ဆံရေးသည် ရှေးမြန်မာဘုရင်များ လက်ထက်ကပင် ရွှေလမ်းငွေလမ်းခင်းကာ နှစ်ပြည်ထောင်ချစ်ကြည်ရေးကို တည်ဆောက်ခဲ့ကြပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလက ရန်ကုန်မြို့၌ကျင်းပခဲ့သည့် တရုတ်နှစ်သစ်ကူးနေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်တက်ရောက်ပြီး နှစ်သစ်ဆုမွန်ကောင်းစကား ပြောကြားခဲ့ပါကြောင်း၊ ထိုကဲ့သို့ ပြောကြားရာတွင် “မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးများ၊ တရုတ်နွယ်ဖွားမြန်မာနိုင်ငံသားများအတွက် မျက်နှာနှစ်ဖက်ဆက်ဆံရေးမျိုးမရှိသည့် ယုံကြည်စိတ်ချရသည့် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သလို တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအတွက်အရေးကြီးသည့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်ရုံသာမက ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်သည်” ဟု ပြောကြားခဲ့ပါကြောင်း၊ မိမိအနေဖြင့် မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်သံယောဇဉ်ကို ဆက်လက်လက်ဆင့်ကမ်းပြီး မြန်မာ-တရုတ် အေးအတူ-ပူအမျှ အသိုက်အဝန်း တည်ဆောက်ကာ နှစ်နိုင်ငံချစ်ကြည်ရေးကို ပိုမိုခိုင်မြဲအောင် တည်ဆောက်လိုပါကြောင်း။
နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများမှတစ်ဆင့် ရရှိလာမည့်အကျိုးကျေးဇူးများကို နှစ်နိုင်ငံပြည်သူများအတွက် မျှဝေခံစားစေလိုပါကြောင်း၊ ယခုညစာစားပွဲကို တက်ရောက်လာသည့် ဧည့်သည်တော် မစ္စတာရွှီးကျန့်ဂေါ်က ၂၀၂၃ ခုနှစ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများအတွက် ကွန်ပျူတာနှင့်ပရင်တာများကို လှူဒါန်းပေးခဲ့ သည့်အတွက် လွန်စွာကျေးဇူးတင်ပါကြောင်း၊ ထိုကွန်ပျူတာနှင့် ပရင်တာများကို ခရိုင်အဆင့် ပြည်သူ့စာကြည့်တိုက်များတွင်ထားရှိကာ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းများတွင် အသုံးပြုလျက်ရှိပါကြောင်း။
ယခုအခါ မသမာသူအဖျက်သမားများက မြန်မာ-တရုတ် ချစ်ကြည်ရေး ပျက်ပြားအောင် သတင်းမှားများ ထုတ်လွှင့်ကာ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း၊ မည်သို့ပင်ဖြစ်စေ မိမိတို့ အတူတကွ ချစ်ကြည်ရင်းနှီးစွာ အနာဂတ်ကောင်းများကို တည် ဆောက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်လာသူများက နှုတ်ခွန်းဆက် စကားများပြောကြားပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ကြသည်။
ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ မစ္စတာရွှီးကျန့်ဂေါ်သည် ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန အဆောက်အအုံသို့ရောက်ရှိ၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လူထုအခြေပြုဗဟိုဌာနမှ ဆောင်ရွက်ပေးလျက်ရှိသော ပြည်သူများအသိပညာမြင့်မားရေးလုပ်ငန်းများ၊ ပြည်သူ့စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး ဧည့်သည်တော်မစ္စတာရွှီးကျန့်ဂေါ်က လူထုအခြေပြုဗဟိုဌာန အဆောက်အအုံအတွင်း အမှတ်တရသစ်ပင် စိုက်ပျိုးပေးခဲ့သည်။
သတင်းစဉ်