နေပြည်တော် ဇန်နဝါရီ ၁၆
အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်၊ ပြည်သူလူထု အထိတ်တလန့်ဖြစ်စေရန်နှင့် အစိုးရအုပ်ချုပ်မှုယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်ချက်များဖြင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အများပြည်သူပိုင် အဆောက်အဦများ၊ ဌာနဆိုင်ရာအဆောက်အဦများနှင့်လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရား၊ စေတီ၊ ပုထိုးများနှင့် သာသနိကအဆောက်အဦများအပါအဝင် အခြားဘာသာဝင်များ၏ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဘုရားရှိခိုး ကျောင်းများအား Drop Bomb များပစ်ချခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခြင်းများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားလုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိ ရသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ ကယားပြည်နယ်အတွင်းရှိ KNPP အကြမ်းဖက် သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဒေသခံပြည်သူ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ လွိုင်ကော်မြို့ရှိ သမိုင်းဝင်မြို့နာမ် ရွှေစေတီတော်အား အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရှိရပြီး အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျည်များသည် စေတီတော် ပရိဝုဏ်အတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် စေတီတော်၏ ကိုယ်လုံးတော်နှင့် အခြားသာသနိက အဆောက်အဦများတွင် လက်နက်ကြီးကျည် ထိမှန်ပျက်စီးမှု အချို့ရှိခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ အကြမ်းဖက်သောင်းကျန်းသူများ၏ ဘုရားစေတီများနှင့် ဘာသာရေးဆိုင်ရာအဆောက်အဦများကို မိုက်ရိုင်းစော်ကားစွာ ဖျက်ဆီးနေမှုများကို ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူပြည်သူများက လုံးဝလက်မခံနိုင်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ပြင်းထန်စွာကန့်ကွက် ရှုံ့ချလျက်ရှိကြောင်းနှင့် အဖွဲ့အစည်းအသီးသီးကလည်း ကန့်ကွက်ရှုတ်ချသည့် ကြေညာချက်များ ထုတ်ပြန်ထားရှိကြောင်း သတင်းရရှိသည်။