Skip to main content

လူမှုကွန်ရက်ပေါ်တွင် ဘုရားဆင်းတုတော်များကို ဆင်ခြင်မဲ့စွာ စော်ကားဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) လောက်ကိုင်မြို့နယ် ဆီအောကျေးရွာ၏မြောက်ဘက်ရှိ ဆင်ဦးကင်းကုန်း (ပွိုင့်-၂၂၀၂) တောင်ပေါ်တွင်တည်ရှိသော ဒေသခံပြည်သူ ဗုဒ္ဓဘာသာ ဝင်များ အထွတ်အမြတ်ထားသည့် စေတီတစ်ဆူကို MNDAA ကိုးကန့်အကြမ်းဖက် သောင်းကျန်းသူများက ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က မိုက်ရိုင်းစော်ကားဖျက်ဆီးနေသည့် ဗီဒီယိုဖိုင် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် မြန်မာနိုင်ငံနေရာ ဒေသအနှံ့အပြားရှိ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားပြည်သူများသည် ထိုသို့ ဗုဒ္ဓဘာသာအပေါ် အကြမ်းဖက်လုပ်ရပ်များအား လုံးဝလက်မခံနိုင်ဘဲ ပြင်းထန်စွာကန့်ကွက်ရှုံ့ချလျက်ရှိသည်။

ယခုတွင်လည်း လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ဘုရားဆင်းတုတော်များကို ဆင်ခြင်မဲ့စွာဖျက်ဆီးနေမှုရုပ်သံများ ထပ်မံပြုလုပ်ကာ ဗုဒ္ဓဘာသာကို စော်ကားမှုများ လုပ်ဆောင်နေသည်ကို စိတ်မကောင်း ဝမ်းနည်းဖွယ်တွေ့မြင်လာရပြန်ပါသည်။ ဗုဒ္ဓဘာသာသည် မြန်မာတွင်သာမက ကမ္ဘာ့နိုင်ငံအချို့တွင်ပါ ကိုးကွယ်နေကြသည့် ဘာသာဖြစ်ပါသည်။ ယခုမြင်တွေ့ရသော လုပ်ရပ်များသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံကြီးများဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ စသည့်နိုင်ငံများမှ ဗုဒ္ဓဘာသာဝင်များအားလုံးကို ထပ်မံစော်ကားလိုက်သည့် လုပ်ရပ်ပင်ဖြစ်ပြီး ယင်းလုပ်ရပ်များကို ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါကြောင်း အသိပေးအပ်ပါသည်။