Skip to main content

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများ ရေးဆွဲရေးနှင့် (၅) နှစ် အမျိုးသားစီမံကိန်းမူဘောင် ပြန်လည်သုံးသပ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၆

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများ ရေးဆွဲနိုင်ရေးနှင့် (၅) နှစ် အမျိုးသားစီမံကိန်းမူဘောင် ပြန်လည်သုံးသပ်ရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ (၂) ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ အမျိုးသားစီမံကိန်းကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ဝန်ကြီးချုပ်များနှင့် စီးပွားရေးရာဝန်ကြီးများက ဗီဒီယိုကွန်းဖရင့် စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားစီမံကိန်းကော်မရှင် ဒုတိယဥက္ကဋ္ဌ (၂) ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်းရေးဆွဲရေးနှင့် (၅) နှစ် အမျိုးသားစီမံကိန်းမူဘောင် ပြန်လည်သုံးသပ်ရေး၊ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များနှင့် ချိတ်ဆက်ရေးဆွဲရေး၊ ရလဒ်ဖော်ထုတ်၍ ဖွံ့ဖြိုးမှုရေရှည်တည်တံ့ရေး ကိုတွန်းအားပေးဆောင်ရွက်ရေး၊ ရည်မှန်းချက်များ စနစ်တကျချမှတ်ဆောင်ရွက်ရေး၊ ပို့ကုန်တိုးမြှင့်ရေးနှင့်အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး၊ စီမံကိန်းများကို ပြန်လည်သုံးသပ်ရေးနှင့် စောင့်ကြည့်ကြီးကြပ်မှုအားကောင်းစေရေး၊ ကဏ္ဍအလိုက်နှင့် ဒေသအလိုက်ချိတ်ဆက်မှုများ ပိုမိုအားကောင်းစေရေးနှင့် လျာထားချက်များ ပြည့်စုံ မှုရှိရေး ကိစ္စရပ်များကိုရှင်းလင်း ပြောကြားသည်။

ထို့နောက် အမျိုးသားစီမံကိန်းကော်မရှင် အတွင်းရေးမှူး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှင့် ဒေသန္တရစီမံကိန်းများရေးဆွဲနိုင်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍ အလိုက် အကြုံပြုဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြော ကြားသည်။

(သတင်းစဉ်)