Skip to main content

အမျိုးသမီးများဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) NSPAW Phase II ပါ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုနိုင်ရေးအတွက် Gender Focal Person များနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၆

လူမှုဝန်ထမ်းဦးစီးဌာနကဦးစီး၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း- NSPAW Phase II (၂၀၂၃-၂၀၃၂)ကို ရေးဆွဲအကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် Gender Focal Person များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ သက်ဆိုင်ရာဦးစီးဌာန (၄၆)ခုမှ Gender Focal Person (၄၆)ဦး တက်ရောက်ကြသည်။

ဉီးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂) ရေးဆွဲနိုင်ရေးအတွက် ဦးဆောင်ကော်မတီ(၁)ခုနှင့် လုပ်ငန်းကော်မတီ(၁၂)ခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်နှင့်အညီဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီများအလိုက် စီမံချက်လုပ်ငန်းစဉ်များ ရေးဆွဲခဲ့ပါကြောင်း၊ ယခုအစည်းအဝေးတွင် လက်ရှိရေးဆွဲလျက်ရှိသည့် NSPAW Phase II(၂၀၂၃-၂၀၃၂) ၏ စီမံချက်လုပ်ငန်းစဉ် (မူကြမ်း) များ ရေးဆွဲဆောင်ရွက်နေမှုအခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို အသိပေးရန်ဖြစ်ပါကြောင်း၊ အာဆီယံအသိုက်အဝန်းမဏ္ဍိုင်(၃)ခုအောက်ရှိ ကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်သည့် အာဆီယံဒေသတွင်း ကဏ္ဍပေါင်းစုံတွင် ကျား၊ မရေးရာထည့်သွင်းစဉ်းစားမှု မဟာဗျူဟာမူဘောင်အား သိရှိနားလည်ရန်လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက် လာကြသည့် Gender Focal Person များအနေနှင့် မိမိတို့သက်ဆိုင်ရာ ဌာနများတွင် ကျား၊ မတန်း တူညီမျှရေး၊ အမျိုးသမီးစွမ်းပကား မြှင့်တင်ရေးဆောင်ရွက်မှုများနှင့် NSPAW Phase II ၏ လုပ်ငန်စဉ် အကောင်အထည်ဖော်မှုများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန်အတွက် ကျား၊ မရေးရာ တာဝန်ခံများ၏ (ToR)များကို သတ်မှတ်နိုင်ရေး ဆွေးနွေးပေးစေလိုကြောင်းမှာကြားသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးက အာဆီယံဒေသတွင်း ကဏ္ဍပေါင်းစုံတွင် ကျား၊ မရေးရာ ထည့်သွင်းစဉ်းစားမှု မဟာဗျူဟာမူဘောင်နှင့် NSPAW ရေးသားရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာများက Gender Focal Person များက NSPAW Phase II လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန်အတွက် ကျား၊ မ ရေးရာ တာဝန်ခံများ၏ (ToR)နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)