Skip to main content

တောင်ငူမြို့၌ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကျင်းပ

တောင်ငူ ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့၊ မင်းကြီးညိုရုပ်ထုအနီးတွင် စုရပ်အဖြစ်သတ်မှတ်ပြီး ကန့်ကွက်ရှုတ်ချပွဲကျင်းပခဲ့သည်။

ဦးစွာ တောင်ငူမြို့၊ ပတ်ဝန်းကျင်ဒေသများမှ သံဃာတော်များ၊ သီလရှင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူ (၁၅၀၀) ခန့်က ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့မှစတင်၍ ရန်ကုန်-မန္တလေးလမ်းအတိုင်း မိုင်ဒါကွင်းသို့ ငြိမ်းချမ်းစွာစီတန်းလှည့်လည်၍ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်အထွတ်အမြတ်ထားရာ ဘုရားဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်းသူများအား ဆန့်ကျင်ကြ၊ အမျိုးဘာသာသာသနာအား ဖျက်ဆီးနေသည့် အကြမ်းဖက်အဖွဲ့များအား အလိုမရှိ၊ ဘာသာအကျိုးတို့သယ်ပိုး၊ မိစ္ဆာဟူသမျှရှင်းလင်းကြ စသည့်ကြွေးကြော်သံများ ကြွေးကြော်ကာ အဆိုပါ ကြွေးကြော်သံစာသားပါဆိုင်းဘုတ်များ၊ နိုင်ငံတော်အလံများ၊ သာသနာ့အလံများ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ထို့နောက် မိုင်ဒါကွင်း၊ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကျင်းပရာ အမျိုးဘာသာသာသနာတန်ဖိုးထားမြတ်နိုးသူများက သာသနာဖျက်အကြမ်းဖက်သမားများအား ကန့်ကွက်ရှုတ်ချကြောင်းဟောပြော၍ ရှုတ်ချပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)