ရန်ကုန် ဇန်နဝါရီ ၁၅
တောင်ကုတ်မှသစ်သားစက်ဘီးကို တီထွင်ဖန်တီးမှုက အင်တာနက်သုံးသူများကြားတွင် စိတ်ဝင်စားမှုမြင့်တက်နေပြီး အလားတူစက်ဘီးမျိုးကို ထပ်မံဆန်းသစ်ကာ ထုတ်လုပ်သွားမည်ဖြစ် ကြောင်း အဆိုပါ သစ်သားစက်ဘီးတီထွင်ဖန်တီးသူ ကိုဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင်လည်း အဆိုပါသစ်သားစက်ဘီးကိုစိတ်ဝင်စားမှုရှိနေပြီး စျေးလာရောက်စုံစမ်းမှုများ လည်းရှိနေကာ လတ်တလော၌ စျေးနှုန်းသတ်မှတ် ထားခြင်းမရှိသေးကြောင်း၊ ဝယ်ယူလိုသူများရှိလာပါက ဝယ်သူ၏လိုချင်သည့် ပစ္စည်းအနေအထားနှင့် ကုန်ကျစရိတ်အပေါ်မူတည်ပြီး စျေးနှုန်းသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“စျေးတွေ၊ ဘာတွေလာရောက်စုံစမ်းကြတာ ရှိပါတယ်။ အမှာရှိရင်တော့ ရောင်းချဖို့အတွက် တီထွင်သွားဖို့ရှိပါတယ်။ ကိုယ်တီထွင်တဲ့ဟာလေးကို ကြိုက်တယ်ဆိုရင်တော့ ဝမ်းသာစရာပါ။ အခု ပထမဆုံးတီထွင်လိုက်တဲ့ စက်ဘီးက အိမ်မှာရှိတဲ့ သစ်သားနဲ့လုပ်လိုက်တာဆိုတော့ ကုန်ကျစရိတ်ကို တွက်ချက်ထားတာမျိုးမရှိပါဘူး။ လိုအပ်တာလေးတွေ ထပ်ဝယ်ရတာမျိုးပဲရှိတယ်။ ဝယ်သူရှိလာ ရင်တော့ ဝယ်သူလိုချင်တဲ့ပုံစံ၊ ကုန်ကျစရိတ်အပေါ်မူတည်ပြီး စျေးနှုန်းသတ်မှတ်ရမှာပါ”ဟု ကိုဇော်မင်း ထွန်းက ပြောသည်။
ယခုတီထွင်ထားသည့် သစ်သားစက်ဘီးမှာ ပုံမှန်နှုန်းနင်းရုံဖြင့် ပေါ့ပေါ့ပါးပါးစီးနိုင်ရန် တီထွင် ဖန်တီးထားခြင်းဖြစ်ကြောင်း၊ လာမည့်ရက်ပိုင်းအတွင်း ယခုတီထွင်ထားသည့် သစ်သားစက်ဘီး ပုံစံကိုပင် ဒီဇိုင်းသစ်တစ်မျိုးဖြင့် ထပ်မံဖန်တီးရန်ရှိ နေပြီး အဆိုပါစက်ဘီးသစ်တွင် ဝင်ရိုးကို သံထည် ပစ္စည်းသုံးမည်ဆိုပါက ပိုမိုအကြမ်းခံနိုင်မည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
“နောက်ထပ် ၂ ရက်၊ ၃ ရက်လောက်မှာ ဒီဇိုင်း တစ်မျိုးနဲ့ လုံးဝပရော်ဖက်ရှင်နယ်ဖြစ်အောင် လူတိုင်း စီးလို့ရနိုင်မယ့်၊ အကြမ်းလည်းခံနိုင်မယ့် နောက်ထပ်စက်ဘီးကို တီထွင်သွားဖို့ရှိတယ်။ ဒီတစ်ပတ်အတွင်းမှာ နောက်ထပ်ဒီဇိုင်းတစ်မျိုးနဲ့ စက်ဘီးတွေနဲ့ပြိုင်ပြီး စီးလို့ရတဲ့ပုံမျိုး ထပ်လုပ်သွားဖို့ရှိတယ်။ အခုစက်ဘီးကျတော့ ဝင်ရိုးတွေမှာ သစ်သားပဲသုံးထားတော့ အချို့ခလေးတွေကျတော့ သံထည်ပစ္စည်းသုံးတာတောင် ကျိုးကျတာဆိုတော့ ဝင်ရိုးမှာ သံဝင်ရိုးလေး ထည့်ပေးမှာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်းအနေဖြင့် ၁၂ နှစ်သားအရွယ်က ယခုကဲ့သို့ သစ်သားစက်ဘီးကို တီထွင်ခဲ့ဖူးသော်လည်း စီးနိုင် သည့်အဆင့်အထိ မရောက်ခဲ့ဘဲ အသက် ၄၀ ကျော် အရွယ်ရောက်မှ အလုပ်အကိုင် ရှားပါးမှုများကြောင့် အဆိုပါသစ်သားစက်ဘီးကို ပထမဆုံးအကြိမ်အဖြစ် ထပ်မံတီထွင်ဖြစ်ခဲ့ကြောင်းလည်း သိရသည်။
MT