နေပြည်တော် ဇန်နဝါရီ ၁၅
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရည်ရွယ်ဖွင့်လှစ်
အစီအစဉ်အရ မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က မသန်စွမ်းလူငယ်များအတွက် အခွင့်အရေးကာကွယ် ရေး၊ ဘဝမြှင့်တင်ဖွံ့ဖြိုးတိုးတက်နိုင်စေရေးနှင့် မသန်စွမ်းသူများ ပါဝင်မှုအပေါ် ပိုမိုလေးနက်စွာနားလည်ပြီး အသိအမှတ်ပြုနိုင်ရေးအတွက် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာန မသန်စွမ်းလူငယ်ရေးရာဌာနခွဲ အနေဖြင့် မသန်စွမ်းသူ လူငယ်များအတွက် အသက်မွေးဝမ်းကျောင်းပညာရပ်များကို ဖွင့်လှစ်သင်ကြား ပေးနိုင်ရေးနှင့် လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပို့ချပေးသည့် ပညာရပ်များဖြင့် မသန်စွမ်းလူငယ်များ အမှန်တကယ် လက်တွေ့အသုံးချနိုင်စေရန်နှင့် လိုအပ်သည့်ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ယခုသင်တန်းမှရရှိသည့် အသိပညာအတတ်ပညာများကို ကြိုးစားသင်ယူပြီး တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ်ပြီး မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
တက်ရောက်
ဖွင့်ပွဲအခမ်းအနားသို့ လူငယ်ရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဇေယျာသီရိခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နေပြည်တော် မသန်စွမ်းသူများ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ကို ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက်အထိ ဇေယျာသီရိမြို့နယ် ရေဆင်းဓမ္မာရုံ၌ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာမနှစ်ဦးတို့က သင်တန်းသားသင်တန်းသူ ၃၀ ကို စာတွေ့/လက်တွေ့ သင်ခန်းစာများ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်