နေပြည်တော် ဇန်နဝါရီ ၁၅
နိုင်ငံတော်က ဝယ်ယူထောက်ပံ့ထားသည့် ဆေးဝါးများကို လူနာများအကျိုးရှိစေရေး ထိထိရောက်ရောက် အသုံးချရန်၊ အဓိကဆေးဝါးများ အခမဲ့ထောက်ပံ့ပေးရန်နှင့် ပြည်သူများအနေဖြင့် ဆေးကုသစရိတ်ကြောင့် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် စီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင်ကျင်းပသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေ သုံးစွဲမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့်ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
လစဉ်အလှည့်ကျကွင်းဆင်းကုသ
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မကုန်ဆုံးမီ ပြည်သူ့ဆေးရုံများရှိ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ ခွဲစိတ်ခန်း၊ သားဖွားခန်းများ စံကိုက်ဖွဲ့စည်းပုံဖြစ်စေရန်လိုအပ်သည့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန/ဌာနခွဲများအပါအဝင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အဆောက်အအုံများ ဥပဓိရုပ်ကောင်းမွန်စေရန် ယခုဘဏ္ဍာနှစ်မကုန်မီ အားဖြည့်ဆောင်ရွက်ရန်လိုကြောင်း၊ ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးသုံးစွဲမှုကို စနစ်တကျဖြစ်စေရန် ကြီးကြပ်ဆောင်ရွက်ရန်၊ အောက်ခြေအထိ အခြေအနေမှန်ကို သိရှိစေရန်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအစီအစဉ်ဖြင့် အထူးကုဆေးကုသရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်များမှလည်း မိမိတို့အစီအစဉ်ဖြင့် လစဉ်အလှည့်ကျ ကွင်းဆင်းကုသမှုများ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးသုံးစွဲမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များသည် တိုင်းဒေသကြီး/ ပြည်နယ်ကုသရေးဦးစီးဌာနမှူးများက တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်