ဦးစိုးသွင် (သရက်မြို့ ဆုတောင်းပြည့်ဘုရားကြီးဂေါပကဥက္ကဋ္ဌ)
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား မကွေးတိုင်းဒေသကြီး မြို့နယ်များအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များပါဝင်သည့် ဘုရားဖူးအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် လာရောက်ဖူးမြော်ကြည်ညိုကြရာ အဆိုပါလာရောက်ဖူးမြော်ကြည်ညိုကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-
ဦးအောင်ဆန်း
(မကွေးတိုင်းဒေသကြီး မြသလွန်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင်)
မာရဝိဇယဘုရားကြီးကို တစ်ခါမှမရောက်ဖူးပါဘူး။ အခုမှလာရောက်ဖူးမြော်ခြင်းဖြစ်ပါတယ်။ ဘုရားကြီးကို ရုပ်မြင်သံကြားတွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာပဲ မြင်တွေ့ဖူးမြော်ရပါတယ်။ အခုတော့ မျက်မြင်ကိုယ်တွေ့ ဘုရားကြီးရဲ့ကြီးကျယ်ခမ်းနားစွာ တည်ဆောက်ပူဇော်ထားရှိတာကို တွေ့မြင်ရပါတယ်။ ရင်သပ်ရှုမောဖွယ်ရာ မြန်မာမှုလက်ရာများကို တွေ့ရတော့ အလွန်အံ့ဩဂုဏ်ယူမိပါတယ်။ အခုလိုမျိုး ဘုရားကြီးတည်ထားခြင်းအားဖြင့် အမျိုးဘာသာ၊ သာသနာကို တိုးတက်ကောင်းမွန်အောင် ပြသရာလည်းရောက်တဲ့အတွက် ကောင်းပါတယ်။ ဒီထက်မကလည်း အမျိုးဘာသာ၊ သာသနာပိုမိုတိုးတက်ဖို့ မျှော်လင့်ပါတယ်။ မာရဝိဇယဘုရားကြီးက ရတနာပုံခေတ်က မြန်မာမှုလက်ရာများကဲ့သို့ တည်ထားတာကိုလည်းတွေ့ရပါတယ်။ ဒီလိုသာသနိက အဆောက်အအုံများကို ခေတ်စနစ်နဲ့အညီ ခေတ်သစ်နည်းပညာများဖြင့် တည်ထားကိုးကွယ် ပူဇော်ခြင်းက ဗုဒ္ဓဘာသာ၊ သာသနာတော်ကို ယုံကြည်ကိုးကွယ်မှုကို ကမ္ဘာကသိအောင် သမိုင်းတင်ကျန်ရစ်စေမယ့် ထင်ထင်ရှားရှားပြသခွင့်ရတဲ့ သာသနိကအဆောက်အအုံ၊ ဘုရားကြီးတစ်ဆူလို့ ယူဆပါတယ်။ ဒီဘုရားကြီးရဲ့ စီမံခန့်ခွဲတဲ့အပိုင်းတွေကို အတုယူပြီး မိမိတို့တာဝန်ယူထားတဲ့ ဘုရားစေတီမှာလည်းပိုပြီးတော့ ကြည်ညိုဖွယ်ဖြစ်အောင် ကြိုးစားဆောင်ရွက်မယ်လို့ ပြောချင်ပါတယ်။
ဦးကျော်သိန်း
(မကွေးတိုင်းဒေသကြီး မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီးဂေါပကဥက္ကဋ္ဌ)
မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် အလွန်ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက ဟောကြားခဲ့တာရှိပါတယ်။ “ဗုဒ္ဓမြတ်စွာသာသနာတော်ကို ကောင်းစွာကြိုတင် မပြုပြင်သော်၊ အမြင်မှိန်မှေးအထင်သေး၍ အရေးဖွယ်ရာ အဖြာဖြာကို အနှစ်ဘာသာဝါဒဟူသမျှတို့ အစစကုန်သုဉ်း ပြုတ်ပြုတ်ပြုန်းပြုန်းလျှင်” ဟု ဆိုထားပါတယ်။ ကျွန်တော်တို့ဘာသာသနာအတွက် အားလုံးကလည်းပဲ ကြိုတင်ပြီးတော့ သာသနာကို ဒီထက်မက ထွန်းကားလာအောင်၊ သာသနာကိန်းအောင်းလာအောင် လုပ်ဖို့အတွက် ကျွန်တော်တို့လည်း တာဝန်ရှိသလို အစဉ်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ အခုလိုမြင်ရတော့ အင်မတန်အံ့ဩပါတယ်။ “မာရ”ဆိုတာ ရန်သူကိုအောင်မြင်ခြင်းဖြစ်ပါတယ်။ ဒေဝပုတ္တမာန်၊ ကိလေသာမာန်၊ ခန္ဓာမာန် စတဲ့မာန်သည် ရန်ဖြစ်ပါတယ်။ မာရဝိဇယဆိုတဲ့ ရုပ်ပွားတော်မြတ်ကြီးကို ဒီလိုမျိုးတည်ထားကိုးကွယ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ တိုင်းပြည်အေးချမ်းမယ့်လက္ခဏာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး သာသနိကအဆောက်အအုံတွေ၊ ကျောက်စာတွေကိုလည်း ဖူးတွေ့ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ပြန်သွားတဲ့အခါမှာ မာရဝိဇယဘုရားကြီးရဲ့ အတုယူစရာ အားလုံးကို အတုယူပြီး မိမိတို့တာဝန်ယူထားတဲ့ ဘုရားများကိုလည်း ကောင်းမွန်အောင် လုပ်ဆောင်သွားပါ့မယ်။
ဦးဝင်းဌေး
(မင်းဘူးခရိုင် မင်းဘူးစကုမြို့နယ် မန်းရွှေစက်တော်ဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ )
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီစဉ်ပေးမှုကြောင့် မာရဝိဇယဘုရားကြီးကို အခုလိုလာရောက်ဖူးမြော်ရတာ အလွန်အင်မတန်မှ ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာ၏ အနှစ်သာရဖြစ်တဲ့ ပိဋကသုံးပုံ၊ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားများ၊ ကျောက်စာများကို ခေတ်မီနည်းပညာသုံးပြီး ထွင်းထုပူဇော်ထားထာကိုလည်း တွေ့ရပါတယ်။ ဘုရားကြီးတည်ဖို့ စကျင်ကျောက်များ စတင်သယ်ဆောင်လာတာကို တွေ့ကတည်းက ဖူးချင်ခဲ့တာဖြစ်ပါတယ်။ အခုလိုကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ အထူးလည်း သဒ္ဓါတရားတွေ ကြည်နူးပွားများမိပါတယ်။ ကမ္ဘာတည်သရွေ့ ဗုဒ္ဓသာသနာတော်နှင့်အတူမာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးလည်း အဓွန့်ရှည်တည်တံ့ပါစေလို့ ဆုတောင်း ပါတယ်။
ဦးစိုးသွင်
(သရက်မြို့ ဆုတောင်းပြည့်ဘုရားကြီးဂေါပကဥက္ကဋ္ဌ)
ကျွန်တော်တို့ သရက်မြို့ဆုတောင်းပြည့်ဘုရားကြီး တည်ထားတာ နှစ်ပေါင်း ၁၀၀ ကျော်ရှိပါပြီ။ မာရဝိဇယဘုရားကြီးကို တီဗွီ၊ သတင်းစာတွေမှာပဲ ဖူးမြော်ရတာဖြစ်ပါတယ်။ အခုတော့ ကိုယ်တိုင်ကိုယ်ကျဖူးမြော်ရပါပြီ။ စကျင်ကျောက်နဲ့ ထုလုပ်ထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးက ကမ္ဘာမှာလည်း ဉာဏ်တော်အမြင့်ဆုံး၊ အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ထူးထူးခြားခြား တည်ဆောက်ထားတာကို တွေ့မြင်ဖူးမြော်ရပါတယ်။ ဘုရားကြီးကို စပြီးဖူးမြော်ကတည်းက ကျွန်တော်ရဲ့ စိတ်ထဲမှာအားလုံးက စုပေါင်းဆောင်ရွက်ခြင်း၊ စုပေါင်းစေတနာသဒ္ဓါတရား ထက်သန်မှုတွေကိုလည်း တွေ့မြင်ရပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဗုဒ္ဓဘာသာကိုအထွတ် အမြတ်ထားကိုးကွယ်တဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် အခုလိုမြတ်ဗုဒ္ဓရဲ့ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတာက ထူးကဲတဲ့လာဘ်တစ်ပါးဖြစ်ပါတယ်။ ဘုရားကြီးကို မဖူးမြော်ရသေးတဲ့ သူများကိုလည်း လာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဘုရားကြီးမှာ ခေတ်စနစ်နဲ့အညီ ခေတ်သစ်နည်းပညာတွေနဲ့ ဗုဒ္ဓဘာသာသာသနာတော်အတွက် ကမ္ဘာမှာ မှတ်တမ်းတင်ထိုက်တဲ့ မြန်မာမှုအနုပညာ လက်ရာများကိုလည်း ဖူးမြော်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဖူးမြော်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော်အကြီးအကဲနဲ့ တာဝန်ရှိသူများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။
သတင်းဓာတ်ပုံ - နိုင်ထွန်း၊ လဲ့ရည်လှိုင်