နေပြည်တော် ဇန်နဝါရီ ၁၅
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။
ထပ်မံတိုးမြှင့်ပေးသွားမည့် အခြေအနေဆွေးနွေး
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက နိုင်ငံတော်၏လှည့်ပတ်ရန်ပုံငွေကျပ် ဘီလီယံ ၅၀ ပြန်လည်ပေးဆပ်ပြီးစီးမှု အခြေအနေ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အထွေထွေပိုလျှံရန်ပုံငွေမှ ထုတ်ပေးထားသည့် ငွေကျပ်ဘီလီယံ ၁၅၀ မှ ငွေကျပ် ၁၀ ဘီလီယံ စုစုပေါင်း ငွေကျပ် ၆၀ ဘီလီယံကို ပြန်လည်ပေးဆပ်ပြီးစီးမှုအခြေအနေ၊ ချေးငွေအရင်း ပြန်လည်ကောက်ခံရေးလုပ်ငန်းစဉ်များကို တိုင်းဒေသကြီး/ပြည်နယ် စိစစ်ကြပ်မတ်ရေးအဖွဲ့များမှ ကြိုးပမ်းဆောင်ရွက်မှုအခြေအနေ၊ ချေးငွေသက်တမ်း ၃ နှစ်ပြည့်မြောက်ပြီးသည့် လုပ်ငန်းရှင်များမှ ချေးငွေပြန်လည်ပေးဆပ်မှုအခြေအနေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့်မီဒီယာကဏ္ဍမှ လုပ်ငန်း ၈၇၉ ခုအနေဖြင့် အတိုးများအား ကာလစေ့ရောက်သည့်နေ့တွင် ပေးဆပ်ထားပြီးဖြစ်ပါကြောင်း၊ ချေးငွေကို ရည်ရွယ်ချက်အတိုင်း ထိရောက်စွာ ဆောင်ရွက်လျက်ရှိကြောင်း စိစစ်တွေ့ရှိပါက ချေးငွေသက်တမ်း ၂ နှစ် စေ့ရောက်သည့် နေ့မှစ၍ နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ပေးသွားမည့် အခြေအနေတို့ကို ဆွေးနွေးသည်။
ညှိနှိုင်းဆွေးနွေး
ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က ချေးငွေစိစစ်ကြပ်မတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပြည်နယ်/တိုင်းဒေသကြီးအလိုက် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများမှ အတိုးအရင်းကောက်ခံရရှိမှုနှင့် သက်ဆိုင်ရာဌာနများ၊ ချေးငွေကြီးကြပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြဆွေးနွေးသည်။
ယင်းနောက် အစည်းအဝေး တက်ရောက်လာကြသူများကကော်မတီ၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သက်တမ်းစေ့ပြီး ချေးငွေပြန်လည်ကောက်ခံရေးအစီအစဉ်နှင့် လုပ်ထုံးလုပ်နည်းများ၊ ဌာနဆိုင်ရာများအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေတို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်