နေပြည်တော် ဇန်နဝါရီ ၁၅
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။
ထိုသို့ပြုလုပ်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၌ လည်းကောင်း၊ ဇန်နဝါရီလ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၌လည်းကောင်း အသီးသီး ကျင်းပပြုလုပ်ကြသည်။ ဦးစွာ ကန့်ကွက်ရှုတ်ချပွဲများသို့ တက်ရောက်လာကြသူများသည် သတ်မှတ်နေရာအသီးသီးမှ ချီတက်စုဝေးကြပြီး သံဃာတော်များနှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ်ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။
ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက “ဗုဒ္ဓဘာသာကို စော်ကားဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများအား (ဆန့်ကျင်ကြ)၊ စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနှင့် သာသနာဖျက်များအား (ဆန့်ကျင်ကြ)၊ လူမျိုးရေးခွဲခြား၊ သာသနာကို စော်ကားဖျက်ဆီးနေသူများအား (ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေး လောက်ကောင်များအား (အလိုမရှိ)၊ သာသနာဖျက် အကြမ်းဖက်သမားများအား (အလိုမရှိ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သမားများ(ကျရှုံးပါစေ)၊ စေတီပုထိုး၊ ဆင်းတုတော်များကို ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများ(ကျရှုံးပါစေ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။