Skip to main content

မကွေးတိုင်းဒေသကြီးအတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော် ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ မြို့နယ်များအတွင်းရှိဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင် ၄၈ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက်ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင်ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့မှုအခြေအနေတို့ကို ရှင်းလင်းပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုဗီဒီယိုမှတ်တမ်းကိုပြသသည်။

ထို့နောက် ဘုရားဖူးလာဂေါပကအဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ပူဇော်ခဲ့မှု လုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ်ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင် စကားများပြောကြားကြသည်။ ထို့နောက် ဘုရားဖူးလာဂေါပက အဖွဲ့ဝင်များက ရုပ်ပွားတော်မြတ်ကြီးအောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှုအခြေအနေနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကိုမေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် ဂေါပကအဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ဘုရားဖူးလာဂေါပက အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအားသွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိကအဆောက်အအုံများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သိရသည်။