Skip to main content

အမျိုးသားစာပေတစ်သက်တာဆု၊ ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၄

စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့က ကြီးမှူးကျင်းပသည့် နိုင်ငံတော်ကချီးမြှင့်သော အမျိုးသားစာပေတစ်သက်တာဆု၊ ဂုဏ်ထူးဆောင်ဘွဲ့နှင့် တံဆိပ်ရရှိသူများအား ထပ်ဆင့်ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးမင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီ ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ထို့နောက် ဆရာမကြီး ဒေါ်ရွှေကူနန်းနွဲ့နွဲ့က မင်္ဂလာတေးထပ်ဖြင့် ဂုဏ်ပြုသီဆိုပြီး စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာကြီး ဦးအောင်ကြည်၊ မြန်မာနိုင်ငံစာရေးဆရာအသင်းအတွင်းရေးမှူး မောင်ငြိမ်းသူ (ကြို့ပင်ကောက်) တို့က နိုင်ငံတော်ကချီးမြှင့်သော ဆုရရှိသူပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားကြသည်

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုခံဆရာကြီး ဆရာမကြီများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။

ဆက်လက်၍ ဂုဏ်ပြုခံဆရာမကြီးများဖြစ်ကြသည့် ဆရာမကြီးဒေါ်ပို၊ ဆရာမကြီး ဒေါ်မြမြဝင်းတို့က သြဝါဒစကား ပြောကြားကြသည်။ ယနေ့အခမ်းအနားတွင် စာတတ်မြောက်ရေးနှင့် ဒေသဖွံ့ဖြိုးမှုကူညီရေးအဖွဲ့က (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်မှ သိပ္ပကျော်စွာဘွဲ့ ချီးမြှင့်ခြင်းခံရသော အသုံးလုံးဖခင်ကြီး ဦးသံဗျင်၊ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ခြင်းခံရသော နာယကကြီး ဒေါက်တာဦးသန်းဦး(၂၀၂၂ ခုနှစ်အမျိုးသားစာပေတစ်သက်တာဆုရှင်)၊ လူမှုထူးချွန်ဆု (ပထမ ဆင့်) ရရှိကြသော နာယက ပါမောက္ခဆရာမကြီး ဒေါက်တာ ဒေါ်ပို၊ ပါမောက္ခဆရာမကြီး ဒေါ်မြမြဝင်း၊ ဒုတိယဥက္ကဋ္ဌဒေါက်တာ မြင့်သိန်း၊ ပထမဆုံး အသုံးလုံးလုပ်အားပေးကျောင်းသားဟောင်း ဆရာကြီး ဦးသန့်ရှိန်တို့အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ကိုကိုဇော် (သတင်းစဉ်)