မန္တလေး ဇန်နဝါရီ ၁၄
မန္တလေးတက္ကသိုလ် ဥပဒေပညာမိသားစု၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မန္တလေးတက္ကသိုလ်၏ အင်းဝ ၂၇ ခန်းမဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်က ပထမနှစ်ဥပဒေပညာ အထူးပြုကျောင်းသား၊ ကျောင်းသူ မောင်မယ်သစ်လွင်များကို နွေးထွေးစွာကြိုဆိုကြောင်း နှုတ်ခွန်းဆက်စကားပြောကြားသည်။
အဆိုပါ အခမ်းအနားတွင် ပထမနှစ်ဥပဒေပညာအထူးပြု ကျောင်းသား၊ ကျောင်းသူများကို ကြိုဆိုသည့်အနေဖြင့် မြန်မာသံစဉ်နှင့် ခေတ်ပေါ်တေးသီချင်းများသီဆိုခြင်း၊ အုပ်စုလိုက်ကပြဖျော်ဖြေခြင်း၊ ပျော်ရွှင်စွာ Game များ ဆော့ကစားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ကျောင်းသား၊ ကျောင်းသူလေးများက သရုပ်ဖော်ပြသခဲ့
ဆက်လက်၍ စာတွေ့လက်တွေ့ပေါင်းစပ်သင်ကြားမှုနည်းစနစ်ဖြင့် ပြည်သူ့အကျိုးပြုခြင်းဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်သော ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအစီအစဉ် (University Legal Clinic) ကိုလည်း မိတ်ဆက်သည့်အနေဖြင့် တတိယနှစ်နှင့် စတုတ္ထနှစ်ဥပဒေပညာအထူးပြု ကျောင်းသား၊ ကျောင်းသူလေးများက သရုပ်ဖော်ပြသခဲ့သည်။
အဆိုပါအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့် အောင်၊ ဆရာ ဆရာမများနှင့် ဥပဒေပညာအထူးပြု ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းအင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်