ပဲခူး စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြည်ပပြန် များအား ပြည်သူများ၊ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့များနှင့် ပူးပေါင်း၍ အထိရောက်ဆုံး ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ဝေါမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး (၅)ဦးတွေ့ရှိမှုသည် ပြည်တွင်း ဒေသ(ရခိုင်)ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသူများဖြစ်ပြီး သြဂုတ်လ (၂၀) ရက်နေ့ မတိုင်မီရောက်ရှိလာ သူများဖြစ်သည်ကို စိစစ်တွေ့ရှိရ၍ တိုက်ရိုက်ထိတွေ့သူများအား စစ်ဆေးဆောင်ရွက်သွားရမည်ဖြစ် ကြောင်းနှင့် လိုအပ်ပါက နေရာအလိုက် ကန့်သတ်ချက်များ ထုတ်ပြန်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေက ရခိုင်ပြည်နယ် တောင်ကုတ်မှ ဥသျှစ်ပင်ဂိတ်သို့ ကုန်တင်ကားများ ဝင်ရောက်မှုအပေါ် စိစစ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စမ်းအား အရင်းအမြစ်ဝန်ကြီး ဦးထွန်းထွန်းဦးက ဝေါမြို့နယ် အတွင်း ကိုဗစ်-၁၉ ရောဂါနှင့် တိုက်ရိုက်ထိတွေ့ခဲ့သည့် နေရာများအား Stay Home ပြုလုပ်ရန်နှင့် ၎င်းနေရာများအား ကူညီပံ့ပိုးဆောင်ရွက်ပေးရမည့် အခြေအနေများကိုလည်းကောင်း၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာစောညိုဝင်းက စားသောက် ဆိုင်များနှင့် စျေးများအား အချိန်ကန့်သတ်ချက်များ ကျန်းမာရေး စစ်ဆေးမှုများ ထပ်မံဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ရခိုင်ဒေသပြန်များအား သီးခြားခွဲထားရန်နှင့် လိုအပ်ပါက အခြေခံပညာရေးကျောင်းများ(မူလတန်း) စာသင် ဆောင်များ အသုံးပြုရန် ပြည်ထောင်စုဝန်ကြီးဌာနမှ ညွှန်ကြားလာမှုနှင့် မြို့နယ်အလိုက် Facility Quarantine များသို့ ကူညီပံ့ပိုးသွားရမည့် အခြေအနေ များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးမှူး၊ ပဲခူးမြို့ထွေထေွရောဂါ ကုဆေးရုံအုပ်ကြီး ဒေါက်တာ ရန်နိုင်မောင်က ရခိုင်ဒေသမှ ပြန်လည်ဝင်ရောက်လာသူများ၊ တိုက်ရိုက်ထိတွေ့ခဲ့သူများအား စာရင်းဇယားပြုစု၍ လိုအပ်သည့် စစ်ဆေး ချက်များ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါ ပိုးရှိသူများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက် ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ညောင်ခါးရှည်ရဲစခန်း၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနှင့် တိုက်ရိုက် ထိတွေ့ခဲ့သည့် ဝန်ထမ်းနှင့် မိသားစုများအား ညောင်ခါးရှည်တိုက်နယ်ဆေးရုံတွင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် နိုင်ရန် စီစဉ်ထားရှိပြီး အခြေအနေနှင့် လိုအပ်သည့် လုံခြုံရေးများ ထပ်မံတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများကို လည်းကောင်း အသီးသီး တင်ပြဆွေးနွေးခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်စွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ(၁)ဦးအား တောင်ငူမြို့နယ်၊ တောင်ငူပြည်သူ့ ဆေးရုံတွင်လည်းကောင်း၊ ပန်းတောင်း မြို့နယ်မှ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ(၁)ဦးအား ပြည်မြို့ ပြည်သူ့ ဆေးရုံတွင်လည်းကောင်း၊ ဝေါမြို့နယ်မှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၅)ဦးအား ပဲခူး(ကလိ)ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)