တောင်ကြီး ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်ရှိ သမဝါယမဦးစီးဌာန ဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစုအမှုဆောင်များအား ကွင်းဆင်းတွေ့ဆုံခြင်းကို ဇန်နဝါရီ ၁၃ ရက်က ဆီဆိုင်မြို့နယ်သမဝါယမဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်ပြီး သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး/လုပ်နည်း၊ ညွှန်ကြားချက်များ လိုက်နာဆောင်ရွက်ရန်နှင့် မိုးစပါး၊ နွေစပါးများ စိုက်ပျိုးမှုများကို လျာထားချက်ပြည့်မီအောင် ဆောင်ရွက်နိုင်ရေး မှာကြားသည်။
ဆက်လက်၍ ဆီဆိုင်မြို့နယ် သမဝါယမအသင်းစုပိုင်ခြံနှင့် ဘန်းယဉ်ကျေးရွာရှိ လွယ်မောတောင်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းနှင့် နောင်မွန်ကျေးရွာရှိ ရွှေပဒေသာလယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းတို့မှ ပိုင်ဆိုင်သော အသင်းပိုင်အဆောက်အအုံများကို အသင်းဆိုင်ဖွင့်လှစ်နိုင်ရေး အသင်းအမှုဆောင်များအား မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်