နေပြည်တော် ဇန်နဝါရီ ၁၄
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်နှင့် မိတ္ထီလာမြို့နယ်အတွင်းရှိ ဘုရားစေတီများမှ ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များပါဝင်သည့် ဘုရားဖူးအဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် လာရောက်ဖူးမြော်ကြည်ညိုကြသည်။ ထိုသို့ လာရောက်ဖူးမြော်ကြည်ညိုကြသူများ၏ စကားသံများကို ဖော်ပြလိုက်ပါသည်။
ဦးဝင်းမောင်မြင့် (ရွှေစည်းခုံစေတီတော် ဘဏ္ဏာတော်ထိန်းဂေါပကအဖွဲ့ ဒုတိယဥက္ကဋ္ဌ)
ယခုလိုလာရောက် ဖူးမြော်ကြည်ညိုခွင့်ရရှိရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က အထူးစီစဉ်ဆောင်ရွက်ပေးတာဖြစ်တဲ့အတွက် လွန်စွာမှ ကျေးဇူးတင်ရှိပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် တည်ထားကိုးကွယ်ဖို့ စတင်ဆောင်ရွက်တဲ့ စကျင်ကျောက်တော်ကြီး စတင်သယ်ယူခဲ့သည်မှ ဗုဒ္ဓါဘိသေကအနေကဇာတင်အခမ်းအနား ဆောင်ရွက်သည်အထိ ဆောင်ရွက်သည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို တီဗွီမှ အကြိမ်ကြိမ်ကြည့်ရှုဖူးပါတယ်။ ထိုစဉ်အခါကပင် ဆောင်ရွက်ခဲ့သည့် အင်ဂျင်နီယာပညာအစွမ်း၊ ဗိသုကာပညာအစွမ်းနှင့် မြန်မာမှု အနုပညာပန်းဆယ်မျိုးနှင့် ထုဆစ်ဆောင်ရွက်ခဲ့သော အနုပညာစွမ်းအားတွေကို တကယ့်ကို အံ့မခန်းဖွယ်တွေ့ရသဖြင့် လွန်စွာမှဝမ်းမြောက်ဂုဏ်ယူခဲ့ရပါတယ်။ ယခုဒီကိုရောက်တဲ့အခါမှာ မျက်မြင်ဖူးမြော်တွေ့ရှိခဲ့ရတဲ့အခါမှာတော့ အင်မတန်မှ ကြည်ညိုဖွယ်ကောင်းကြောင်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံမှာ တည်ရှိပြီးဖြစ်တဲ့ ကျောက်ဆစ်ရုပ်ပွားတော်များအပြင် ကမ္ဘာမှာအင်မတန်ရှားတဲ့ ဉာဏ်တော်အမြင့်ဆုံး၊ အလေးချိန်အများဆုံးဖြစ်တဲ့ ရုပ်ပွားတော်ကြီးကို ဖူးမြော်ကြည်ညိုရတဲ့အတွက် ကျွန်တော့်အနေနဲ့ အင်မတန်မှ ဝမ်းသာကြည်နူးမိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ထေရဝါဒဗုဒ္ဓသာသနာ စည်ပင်ပြန့်ပွားသော နိုင်ငံဖြစ်ပါတယ်။ အခုလိုနိုင်ငံရဲ့ ကိုယ်စားပြုဂုဏ်ဒြပ်နဲ့အညီ ရုပ်ပွားတော်ကြီးကို တည်ထားကိုးကွယ်ရန် အကောင်အထည်ဖော်ပေးခဲ့တဲ့ ဦးဆောင်ဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ လုပ်ငန်းခွင်အဆင့်ဆင့် ပါဝင်ခဲ့တဲ့ အကြီးအကဲများ၊ လက်ရှိစီမံခန့်ခွဲမှုတွေကို ဆောင်ရွက်နေတဲ့ အကြီးအကဲများနဲ့ သက်ဆိုင်ရာဂေါပကအဖွဲ့ကိုလည်း အင်မတန် လွန်စွာကျေးဇူးတင်ပါတယ်။ ရုပ်ပွားတော်ကြီး တည်ထားကိုးကွယ်ရာတွင် တစ်စိတ်တစ်ပိုင်းအနေဖြင့် ကုသိုလ်ပြု ပါဝင်လှူဒါန်းကြသော အလှူရှင်များရဲ့ စေတနာ၊ သဒ္ဓါတရားတို့ကိုလည်း လေးစားမြတ်နိုးတန်ဖိုးထားပါကြောင်း ကျွန်တော့်အနေနဲ့ လေးစားစွာ ပြောကြားလိုပါတယ်။
ဦးကိုကိုသက် (ရွှေဆံတော်စေတီတော် မြတ်ကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဘဏ္ဍာရေးမှူး )
အခုလို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြည်ညိုရတဲ့အတွက်ကြောင့် အင်မတန်မှ ဝမ်းသာပီတိဖြစ်ရပါတယ်။ ယခင်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာ့ရုပ်မြင်သံကြားမှ ကြည်ညိုဖူးမြော်ခွင့်ရရှိခဲ့ပါတယ်။ အခုအခါမှာတော့ ကိုယ်တိုင်လာရောက် ကြည်ညိုဖူးမြော်ခွင့်ရတဲ့အခါမှာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရဲ့ မြန်မာကျောက်ဆစ်ထုဆစ်လက်ရာ ထုလုပ်ထားပုံတွေဟာဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်လာပုံတွေကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အားလုံးကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာမှ ပြောကြားလိုပါတယ်။
ဦးဇော်ဝင်းချို (အာနန္ဒာဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ)
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြော်ခွင့် အရင်ကမကြုံခဲ့ဖူးသေးပါဘူး။ ကျွန်တော်တို့ပုဂံမှာဆိုရင်လည်း ဘုရားစေတီပေါင်း ၃၈၀၀ လောက်ရှိတယ်။ ဒီဘုရားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀ ကျော် ၁၀၀၀ နီးပါးရှိပါတယ်။ ကျွန်တော်တို့ပုဂံမှာလည်း နံရံဆေးရေးပန်းချီတွေ၊ ကျောက်ဆစ်လက်ရာတွေ စတဲ့အနုပညာလက်ရာတွေ အများကြီးရှိပါတယ်။ သို့သော်လည်း ဒီထဲမှာ ထူးခြားချက်တစ်ခုက ကျွန်တော်တို့ဆီမှာတော့ စကျင်ကျောက်နဲ့ထုထားတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကိုတွေ့ရဖို့ အင်မတန်ရှားပါတယ်။ ပုဂံဒေသမှာရှိသော်လည်း အနည်းအကျဉ်းသာ ရုပ်တုရုပ်ပွားသေးသေးလေးတွေပဲ ကျွန်တော်တို့ တွေ့ရှိရပါတယ်။ ဒီမှာတော့ ထူးထူးခြားခြားပဲ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကတော့ ကမ္ဘာမှာလည်း ဉာဏ်တော်ကလည်း အမြင့်ဆုံး၊ အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ထူးထူးခြားခြား တည်ဆောက်ထားတာဖြစ်တဲ့အတွက် ဒါဟာ ထူးခြားမှုတစ်ခုဖြစ်ပါတယ်။ အဲဒီအတွက်လည်း ခရီးသွားလုပ်ငန်းကဏ္ဍအတွက်လည်း အများကြီး အကျိုးရှိပါတယ်။ နံပါတ်တစ်က ကျွန်တော်တို့ ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ဗုဒ္ဓဘုရားကို လာရောက်ဖူးမြော်ခွင့်ရတဲ့နေရာပေါ့။ ဘုရားတစ်ဆူတိုးလာတဲ့အတွက်ကြောင့်လည်း အင်မတန်မှ ကုသိုလ်ရပါတယ်။ နောက်တစ်ချက်ကလည်း ကမ္ဘာလှည့်ခရီးသွားတွေအတွက်၊ ခရီးသွားလုပ်ငန်းအတွက် ကမ္ဘာမှာ အံ့ဖွယ်ရာ ဘုရားကြီးတစ်ဆူဖြစ်တဲ့အတွက် တခြားနိုင်ငံတွေမှာလည်းမရှိတဲ့ စကျင်ကျောက်ကြီးနဲ့ထုထားတဲ့ ကမ္ဘာအကြီးဆုံး၊ ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ထားတယ်ဆိုတာ ကမ္ဘာလှည့်ခရီးသွားတွေကို ပြသခွင့်ရတဲ့အတွက်လည်း အင်မတန်မှ နိုင်ငံနဲ့ ခရီးသွားလုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းပြီးတော့ ဂုဏ်ယူဖွယ်ရာဖြစ်ပါတယ်။ ကျွန်တော်တို့ ပြန်သွားတဲ့အခါမှာ ဒါတွေကို အတုယူပြီးတော့ ကျွန်တော်တို့ဘုရားတွေမှာ ကောင်းမွန်တဲ့လုပ်သင့်တဲ့ ဒီကအချက်အလက်တွေကို အတုယူပြီးတော့ ပြန်လည်လုပ်ဆောင်သွားမှာပါ။
ဦးတင်လှဦး (ထီးလိုမင်းလိုဘုရား ဂေါပကအဖွဲ့အတွင်းရေးမှူး)
ကျွန်တော်တို့ ဘုရားလာရောက်ဖူးမြော်တဲ့အချိန်မှာလည်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုရတဲ့အချိန်မှာ နိုင်ငံတော်အကြီးအကဲ၏ သာသနာအပေါ်ထားတဲ့ စိတ်ဓာတ်အား ရှေးသာသနာပြုမင်းများကဲ့သို့ အလေးနက်ထားမှု၊ ကြည်ညိုသဒ္ဓါပွားမှုကို တွေ့မြင်ရပါတယ်။ ယနေ့ နိုင်ငံတော်အကြီးအကဲက ဆရာတော်ကြီးများရဲ့ သြဝါဒကိုခံယူပြီး အစမှအဆုံး ဦးဆောင်စီမံခန့်ခွဲ၍ တည်ထားခဲ့သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မျက်မြင်ဖူးတွေ့လိုက်ရချိန် စိတ်ထဲမှာ အင်မတန်မှ ဝမ်းသာပီတိဖြစ်ပြီး သာသနာအတွက်၊ နိုင်ငံတော်အတွက် မှတ်ကျောက်တင်ခံနိုင်တဲ့ ရုပ်ပွားတော်မြတ်ကြီး ဖြစ်ပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာရဲ့ အနှစ်သာရဖြစ်တဲ့ ပိဋကတ်သုံးပုံကို အမြော်အမြင်ကြီးတဲ့ မင်းတုန်းမင်းကြီးက ပေထက်အက္ခရာမှ ကျောက်ထက်အက္ခရာတင်ခဲ့သလို ယခုနိုင်ငံတော်အကြီးအကဲက ရှေးမင်းကြီးကဲ့သို့ ပိဋကတ်သုံးပုံဖြစ်တဲ့ သုတ်၊ ဝိနည်း၊ အဘိဓမ္မာတရားများကို ကျောက်ထက်အက္ခရာတင်ရာတွင် နိုင်ငံတကာကပါ သိရှိလေ့လာဖတ်ရှုနိုင်အောင် ရိုမန်အက္ခရာဖြင့်ပါ ထပ်တိုးတင်ထားတဲ့အတွက် ထေရဝါဒဗုဒ္ဓဘာသာရဲ့ အနှစ်သာရကို နောင်နှစ်ပေါင်းများစွာ နိုင်ငံတကာက ဖတ်ရှုနိုင်အောင် စီမံခဲ့တဲ့အတွက် အင်မတန်ဝမ်းမြောက်မိပါတယ်။ ဂေါပကအဖွဲ့ရဲ့ စီမံခန့်ခွဲမှုများကို အတုယူစရာ၊ လေ့လာစရာများ အများအပြားရှိပါတယ်၊ ကျွန်တော်တို့လည်း ဒီလိုဖြစ်အောင် စီမံဆောင်ရွက်သွားပါမယ်။ ဗုဒ္ဓသာသနာတော်မြတ်ကြီး နေလိုလလို ထွန်းလင်းပြီး သာသနာတော်မြတ်ကြီး အဓွန့်ရှည်ပါစေလို့ ဆုတောင်းအပ်ပါတယ်။
ဦးတင်ဆန်း (မိတ္ထီလာမြို့ မဟာဓမ္မရာဇိက ရွှေမြင်တင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဥက္ကဋ္ဌ)
နေပြည်တော်မှာ တည်ထားကိုးကွယ်တဲ့ မာရဝိဇယရုပ်ပွားတော်မြတ်ကြီးဟာ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ကြောင်း သိရတဲ့အတွက် နိုင်ငံတော်အတွက် ဂုဏ်ယူမဆုံးဖြစ်ရပါတယ်။ ဗိသုကာလက်ရာတွေကို ခေတ်စနစ်နဲ့အညီ ခေတ်သစ်နည်းပညာတွေနဲ့ ဗုဒ္ဓသာသနာတော်အတွက် ကမ္ဘာက မှတ်တမ်းတင်ထိုက်တဲ့ ထင်ရှားပြီး ကြည်ညိုဖွယ်ဖြစ်အောင် ထုဆစ်ထားတာကို အံ့မခန်းဖူးမြော်ရပါတယ်။ ထို့ပြင် ပိဋကတ်သုံးပုံ ကျောက်စာရုံစေတီများ၊ ရေပန်းအလှများ၊ ဂန္ဓကုဋိတိုက်၊ သာသနာ့ ဗိမာန်တော်ကြီး၊ မုစလိန္ဒကန်၊ သုဓမ္မာဇရပ်များ၊ မြေယာရှုခင်းအလှဆောင်ရွက်ထားမှုများ၊ မန္တလေးအငွေ့အသက် မင်္ဂလာတံတားပုံစံတူ တံတားအစရှိတဲ့ စိတ်ကြည်နူးဖွယ် ရှုခင်းအလှများဟာ စိတ်ကို ပိုမိုကြည်ညိုဖွယ်ဖြစ်စေပါတယ်။ အခုလို အကောင်အထည်ဖော်ပေးတဲ့ ဦးဆောင်ဒါယကာ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်တကွ တာဝန်ယူဆောင်ရွက်ကြရတဲ့ နိုင်ငံတော်အကြီးအကဲတွေ၊ လက်ရှိ စီမံခန့်ခွဲမှုတွေ ဆောင်ရွက်နေတဲ့ အကြီးအကဲတွေနဲ့ သက်ဆိုင်ရာဂေါပကအဖွဲ့တွေကို အထူးကျေးဇူးတင်ပါတယ်။ သာသနိကအဆောက်အဦအခင်းအကျင်း၊ ဘုရားနဲ့ပတ်သက်တဲ့ အချက်အလက်များကို လေ့လာမှတ်သားရပါတယ်။ အခုဘုရားဖူးခရီးစဉ်က ဂေါပကအဖွဲ့ဝင်တစ်ဦးအနေနဲ့ အင်မတန်တန်ဖိုးရှိတဲ့ ခရီးစဉ်တစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ဂေါပကအဖွဲ့တွေသာမက နောက်မှာကျန်ရှိတဲ့ ဂေါပကရုံးအဖွဲ့တွေလည်း ဖူးမြော်ခွင့်ရပြီး ဘုရားကြီးနဲ့ပတ်သက်တဲ့ အချက်အလက်များကို ကြားသိခွင့်ရရင် ပိုပြီး တန်ဖိုးရှိမယ်လို့ အကြံပြုချင်ပါတယ်။
မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓသာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပနေမှုအား ကမ္ဘာကို ပြသရေး၊ မြန်မာနိုင်ငံမှာ ထေရဝါဒဗုဒ္ဓဘာသာ ကိုးကွယ်မှုရဲ့ ဗဟိုချက်အဖြစ် သာသနာပြန့်ပွားရေး လုပ်ငန်းတွေဆောင်ရွက်ပြီး အဓွန့်ရှည်တည်တံ့စေရေး၊ နိုင်ငံတော်ကြီး သာယာဝပြောပြီး ပြည်သူပြည်သားတွေ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်စေရေးနှင့် ကမ္ဘာကြီး ငြိမ်းချမ်းသာယာစေရေးဆိုတဲ့ ကောင်းမွန်တဲ့ စိတ်ဆန္ဒရည်ရွယ်ချက်တွေ နဲ့ ရုပ်ပွားတော်မြတ်ကြီးကို တည်ထားတာကို တွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံသူ၊ နိုင်ငံသားတွေနဲ့ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံး အေးချမ်းသာယာပါစေလို့ တောင်းဆုပြုပါတယ်။
သတင်းစဉ်