နေပြည်တော် ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ဇန်နဝါရီလ ၉ ရက်မှ ၁၄ ရက်နေ့ထိ အပန်းဖြေခရီး သွားရောက်ခဲ့သည့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ တပ်မတော်ဆေးရုံ၊ ဆေးခန်းများ၌ တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသော တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ယနေ့ညနေပိုင်းတွင် မော်တော်ယာဉ်များဖြင့် ချောင်းသာကမ်းခြေမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
အပန်းဖြေခရီးသွားရောက်ခဲ့ကြသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များသည် ချောင်းသာကမ်းခြေရှိ ချောင်းသာအပန်းဖြေဧည့်ရိပ်သာမှ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ထွက်ခွာကြရာ အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ရင်းရင်းနှီးနှီး နှုတ်ဆက်ပို့ဆောင်ကြပြီး ရန်ကုန်စုရပ်သို့အရောက်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးထွန်းထွန်းဦးနှင့် တာဝန်ရှိသူတို့က နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။
အဆိုပါ တပ်မတော်သားအရာရှိ၊ စစ်သည်များသည် အပန်းဖြေခရီးစဉ်ကာလအတွင်း ချောင်းသာကမ်းခြေ၌ လမ်းလျှောက်ခြင်း၊ ကိုယ်လက်ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း၊ သဲသောင်ပြင်၌ ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံးအားကစားများ ဆောင်ရွက်ခြင်း၊ အနားယူအပန်းဖြေခြင်းများ ဆောင်ရွက်ကြသည်။
ထို့အတူ ပုသိမ်မြို့ရှိ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၊ နှီးဘုရားကြီး၊ ချောင်းသာမြို့ရှိ သဲဖြူကျွန်းရေလယ်ဘုရား၊ ဆုတောင်းပြည့်ဇမ္ဗူပတိရုပ်ပွားတော်၊ ဒီပါအေးမြမဟာနဂါးရုံဘုရားနှင့် အနန္တဇိနလောကမာန်အောင်စေတီတော်မြတ်ကြီးတို့အား ဖူးမြော်ကြည်ညိုခြင်း၊ ချောင်းသာမြို့ စကားဝါတောင် မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းတိုက်သို့ အလှူငွေများ လှူဒါန်းခြင်း၊ ချောင်းသာမြို့၏ ဒေသအစားအစာဖြစ်သည့် သရက်တောထိုးမုန့်လုပ်ငန်းနှင့် ရွှေသာယာမြို့မစျေး၊ ကျောက်မောင်နှမကမ်းခြေ၊ ရွှေသောင်ယံမြို့ Sea & Lake ရှိ ကျောက်စိမ်းပြတိုက်၊ သစ်သားပန်းပုပြတိုက်၊ ဒီရေတောတံတား၊ ပုသိမ်မြို့ရှိ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းသမိုင်းပြခန်း၊ ရွှေမြင်းပျံ ပုသိမ်ဟာလဝါလုပ်ငန်းနှင့် မြတ်ကျောင်းတော် ပုသိမ်ထီးလုပ်ငန်းစသည့် အထင်ကရနေရာများသို့လည်း သွားရောက်လေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။