နေပြည်တော် ဇန်နဝါရီ ၁၄
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များ၊ ဂုဏ်ရည်ဘွဲ့များ ဆက်ကပ်ချီးမြှင့်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက် ပရိယတ္တိဓမ္မာဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဋ္ဌ ဦးရဲထွန်းနှင့် အသင်းဝင်များ၊ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်းခံရသည့် လူပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဌ (ကိုယ်စား) ဗဟိုတွဲဖက်အတွင်းရေးမှူးမှ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်လှူဒါန်းချီးမြှင့်ရခြင်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားကာ ပြည်နယ်ဝန်ကြီးချုပ်က မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်အား ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) မှ လှူဒါန်းပူဇော်သော အဘိဓဇအဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်နှင့် လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပူဇော်သည်။ ယင်းနောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) ဥက္ကဌ ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို) မှ ဆက်ကပ်လှူဒါန်းပူဇော်သော အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ၊ မဟာမင်္ဂလဓမ္မဇောတိကဓဇနှင့် မင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆရာတော်ကြီး (၁၅) ပါးအား ဆက်ကပ်လှူဒါန်းပူဇော်သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်္ဂလဓမ္မဇောတိကဓဇ၊ မင်္ဂလဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်တော်ရရှိသည့် လူပုဂ္ဂိုလ် (၁၀) ဦးနှင့် အမျိုးဘာသာသာသနာ ပညာအကျိုးအတွက် စစ်မှန်သောစေတနာဖြင့် ကိုယ်ကျိုးမဖက် အနစ်နာခံ၍ မိမိအသက်ကို ပဓာနမထားဘဲ တာဝန်ထမ်းဆောင်ခဲ့သည့် လူပုဂ္ဂိုလ် (၁၁ဦးအား YMBA ဂုဏ်ရည်ဘွဲ့တံဆိပ်များ ချီးမြှင့်အပ်နှင်းခဲ့ကြသည်။ ထို့နောက် မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိ၊ ဒုတိယမြိုင်ကြီးငူဆရာတော်ကြီး ဘဒ္ဒန္တဉာဏိတနှင့် ကျိုက်ထီးဆောင်း ဒုတိယဒီပဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပ ဆရာတော်ကြီးများထံမှ သြဝါဒတရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။