နေပြည်တော် ဇန်နဝါရီလ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ ကျွန်းတောကြီးကျေးရွာ၊ မြင်းကျကျေးရွာနှင့် ကားဆိပ်ကျေးရွာတို့မှ ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးကို ဇန်နဝါရီ ၁၂ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်သတ်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ အကြမ်းဖက်မှုကိုမလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့မှုအရ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အပြစ်မဲ့ပြည်သူများကို ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်နေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်းရေးအတွက် ၎င်းနေရာများသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်းကာ လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နယ်မြေလုံခြုံရေးဆောင်ရွက်မှုကို ထိခိုက်စေရန်အတွက် သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများမှတဆင့် ရည်ရွယ်ချက်ရှိရှိလုပ်ကြံ ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
