Skip to main content

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲ ပုသိမ်မြို့၌ ကျင်းပ

ပုသိမ် ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဗုဒ္ဓဘာသာဝင်များအတွက် အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကန့်ကွက်ရှုတ်ချပွဲတွင် သံဃာတော်များနှင့် ဒေသခံပြည်သူ (၁၀၀၀) ကျော်တို့က အမှတ် (၅) ရပ်ကွက်၊ ဖက်တန်းလမ်း၊ မရမ်းချိုဘုန်းတော်ကြီးကျောင်းရှေ့မှစတင်၍ ဗုဒ္ဓဘာသာကို စော်ကားဖျက်စီးနေကြသည့် မိစ္ဆာများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ စေတီပုထိုးနှင့် ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေကြသည့် အကြမ်းဖက်သမားများနှင့် သာသနာဖျက်များအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ ဒို့ဘာသာ ဒို့သာသနာ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား (ဆန့်ကျင်ကြ-ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေးလောက်ကောင်များအား (အလိုမရှိ-အလိုမရှိ)၊ သာသနာဖျက်အကြမ်းဖက်သမားများအား (အလိုမရှိ-အလိုမရှိ)၊ ဗုဒ္ဓသာသနာကို ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သမားများ (ကျဆုံးပါစေ-ကျဆုံးပါစေ)၊ စေတီပုထိုးဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်မိစ္ဆာများ (ကျဆုံးပါစေ-ကျဆုံးပါစေ) စသည့်စာသားများပါ ဆိုင်းဘုတ်များနှင့် သာသနာ့အလံများ ကိုင်ဆောင်ကာ ကြွေးကြော်သံများကြွေးကြော်ပြီး မရမ်းချိုလမ်း၊ ရွှေစေတီလမ်း၊ ကမ်းနားလမ်းအတိုင်း စီတန်းလှည့်လည်ခဲ့ကြသည်။

အဆိုပါအဖွဲ့သည် Ocean Center ရှေ့ရှိ ရှုခင်းသာရင်ပြင်၌ စုရုံးစီတန်းပြီး နိုင်ငံတော်အလံအလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်းသီဆိုခြင်း၊ ကြွေးကြော်သံများ သံပြိုင်ရွတ်ဆိုခြင်း၊ ဆရာတော်ဥူးပညာဝံသ (မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ) နှင့် မပုတု (အမျိုးသားရေးတက်ကြွလှုပ်ရှားသူ) တို့မှ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် သာသနာဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချကြောင်း ဟောပြောခြင်း၊ ဧရာဝတီအမျိုးသားရေးညွန့်ပေါင်းအဖွဲ့မှ သဘောထားထုတ်ပြန်ကြေငြာချက် ဖတ်ကြားခြင်း၊ ဇာတိမာန်သီချင်းများ သံပြိုင်ရွတ်ဆိုခြင်းများ ဆောင်ရွက်၍ ကန့်ကွက်ရှုတ်ချပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီသား