နေပြည်တော် ဇန်နဝါရီ ၁၄
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကများနှင့် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဌများ၊ အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ အဖွဲ့ဝင်များ၊ အလုပ်အမှုဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ နာယကများဖြစ်ကြသည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်၊ ဦးအေးမြင့်၊ ဒေါက်တာ ညီလှငယ်၊ ဒေါက်တာ ဝင်းမြင့်၊ ဦးဟံစိန်တို့က အမှာစကားများ ပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မြတ်က အင်ဂျင်နီယာကောင်စီ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆက်သွယ်ဆောင်ရွက်နေသည့် အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး၊ ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်များက အထွေထွေဆွေးနွေးတင်ပြခဲ့ကြရာ နာယကကြီးများက တင်ပြချက်များကို ဆွေးနွေးအကြံပြုချက်များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ ဥပဒေအရ အပ်နှင်းထားသော တာဝန်ခံဝန်ကြီးဌာနဖြစ်သည်နှင့်အညီ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်းဆုံးပံ့ပိုး၍ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအား နိုင်ငံတကာစံနှုန်းများနှင့်အညီ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များဖြင့် ဖွဲ့စည်းဆောင်ရွက်ထားရှိသည်မှာ ၁၀ စုနှစ် တစ်ခုကျော်လွန်ခဲ့ပြီဖြစ်၍ နိုင်ငံတကာမှ လုပ်ထုံးလုပ်နည်းများနှင့် နှိုင်းယှဉ်၍ ခေတ်စနစ်နှင့်အညီ ပြင်ဆင်သင့်သည်များကို ဆွေးနွေး၍ ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အင်ဂျင်နီယာပညာရပ်များ တိုးတက်စေရေး၊ အင်ဂျင်နီယာများကို နိုင်ငံတကာမှ အသိအမှတ်ပြုစေရေးနှင့် အင်ဂျင်နီယာ ပညာရေးအား National Level ၊ Regional Level ၊ International Level အထိ အဆင့်ဆင့်တိုးတက်လာစေရေးတို့အတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အင်ဂျင်နီယာကောင်စီတို့ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်သည့် MSME စက်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရေး အင်ဂျင်နီယာကောင်စီအနေဖြင့် နည်းပညာပိုင်းဆိုင်ရာတွင် ပံ့ပိုး၍ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)