ကျောင်းကုန်း စက်တင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အေးချမ်းသာယာခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ကျောင်းကုန်းမြို့နယ်အတွင်း စွန့်လွှတ်မြေများ ပြန်လည်ပေးအပ်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင် က အမှာစကား ပြောကြားရာတွင် “ကျောင်းကုန်းမြို့နယ် အနေဖြင့် မကျီးပင်ကွင်းအုပ်စု ဒါးကမြစ်ရေတင် စီမံကိန်းကို ၂၀၀၄ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီး၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း မရှိတော့သည့်အတွက် အသုံးပြုဧရိယာ (၃၈၇.၇၅)ဧက အနက် ၂၀၁၂ ခုနှစ်မှာ Borrow ကျင်းမြေနေရာ(၁၇၅.၁၇)ဧကကို ကျေးရွာ (၅)ခုမှာရှိတဲ့ တောင်သူ(၉၈)ဦးကို ပြန်လည် ပေးအပ်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် လယ်မြေ(၈၄.၀၇)ဧကကို တောင်သူ(၄၆)ဦးကို လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် လယ်မြေ (၈၆.၅၀) ဧကကို တောင်သူ (၄၇)ဦးကို ပေးအပ်ခဲ့ရာ စုစုပေါင်းလယ် မြေ(၃၄၅.၄၇)ဧကကို တောင်သူ(၃၂၇)ဦး လက်ဝယ်သို့ ပုံစံ(၇)များ ထုတ်ပေးပြီး ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။ ယနေ့တွင် ကျန်ရှိနေသည့် တာဘောင်များကိုလည်း ယခုဘဏ္ဏာနှစ် ၂၀၁၉-၂၀၂၀ မှာ ဆက်လက်ဖျက်သိမ်း မြေညှိပြီးသည့် လယ်မြေ(၄၂.၀၁)ဧကကို မူလတောင်သူ (၃၉)ဦး လက်ဝယ်သို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၃) ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တာဝန်ရှိသူများက မူလတောင်သူ (၃၉)ဦးထံသို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၃) ပေးအပ်ခဲ့ပြီး၊ တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဒေါက်တာစိုးဝင်း၊ ကရင်တိုင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး ဦးစီးမှူးများ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)