စစ်ကိုင်း ဇန်နဝါရီ ၁၄
စစ်ကိုင်းမြို့တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီ၊ ပုထိုးများ ဗုဒ္ဓဆင်းတုတော်မျာအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများနှင့် ပြည်ဖျက်မိစ္ဆာများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့၊ ကမ်းနားလမ်းမှ စုရပ်အဖြစ် မြို့မဘော့လုံးအားကစားကွင်းတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
စစ်ကိုင်းမြို့ရှိ ဆရာတော်/ သံဃာတော်များ၊ သီလရှင်ဆရာကြီး/ ဆရာလေးများ၊ ရပ်ကွက်နေပြည်သူများက ကမ်းနားလမ်းမှ စတင်ကာ ပညာရေးဒီဂရီကောလိပ်လမ်းမှတဆင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး ထိုမှတဆင့် မြို့မဘော့လုံးအားကစားကွင်းသို့ လှည့်လည်ကာ “ သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များအား ရှင်းလင်းရေး”၊ “ ဗုဒ္ဓဘာသာ သာသနာအား စော်ကားဖျက်ဆီးနေ သော အကြမ်းဖက်သူပုန်မှန်သမျှ ဆန့်ကျင်ကြ”၊ “ဘုရားစေတီများအား ဖျက်ဆီးနေသည့် လူသတ်အကြမ်းဖက်သူပုန်မှန်သမျှ ကျဆုံးပါစေ” စသည့် စာသားများပါဝင်သည့်ဗီနိုင်းများ ကိုင်ဆောင်၍ ကြွေးကြော်ကာ ကန့်ကွက်ရှုတ်ချခဲ့ကြသည်။
ထို့နောက် မြို့မဘောလုံးအားကစားကွင်းတွင် ကန့်ကွက်ရှုတ်ချပွဲ ပါဝင်သူများက ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ ပြည်ဖျက်မိစ္ဆာများနှင့်ပတ်သက်၍ အသီးသီး ကန့်ကွက်ရှုတ်ချဟောပြောခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဇေယျာမြေ