Skip to main content

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို  ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံအတွင်း ငါးသယံဇာတဖူလုံစေရေး ငါးမျိုးစိတ်များ စိုက်ထည့်ပေး

ပွင့်ဖြူ စက်တင်ဘာ ၂

မကွေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ ဒေသတွင်းရှိ ပြည်သူများ ငါးရိက္ခာဖူလုံစေရန်နှင့်  ငါးသယံဇာတများ တိုးပွားစေရန် စီစဉ်ကျင်းပသည့် ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံအတွင်း ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက် ၇ နာရီက အဆိုပါ ကြီးအုံကြီးဝတမံ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် အမှာစကား ပြောကြားပြီး ငါးမျိုးစိတ်များ စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ငါးသယံဇာတ ဖူလုံစေရန်နှင့် ပြည်သူများ ငါးစားသုံးမှု ဖူလုံစေရန်အတွက် ရည်ရွယ်ပြီး နိုင်ငံတစ်ဝန်း နှစ်စဉ် မြစ်ချောင်း ၊ အင်းအိုင်များ ၊ ဆည်တမံများနှင့်  စပါးစိုက်လယ်မြေများတွင် ငါးမျိုးစိတ်များ စိုက်ထည့်ပေးခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယခုလို ငါးမျိုးစိတ် စိုက်ထည့်ပေးခြင်းဖြင့် ဒေသတွင်းရှိ ပြည်သူများ ငါးရိက္ခာဖူလုံစေသလို ရေလုပ်သားများ အတွက်လည်း မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိအောင် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက် လုပ်ကိုင်နိုင်မည် ဖြစ်ပါကြောင်း ၊  အလားတူ ရေလုပ်ငန်းလုပ်ကိုင်ကြသည့်လုပ်ငန်းရှင်များနှင့် ရေလုပ်သားများ ၊ တံငါ လုပ်ငန်းလုပ်ကိုင် ကြသူများအနေဖြင့် စည်းကမ်းမဲ့ ငါးဖမ်းဆီးရှာဖွေမှုများကို ရှောင်ကြဉ်ကြစေလိုကြောင်း ဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း က ငါးမျိုးများ မပြုန်းတီးရေးနှင့် ငါးရိက္ခာ ဖူလုံစေရေး အတွက် ငါးမျိုးစိတ်စိုက်ထည့်ပွဲများကို ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများ အနေဖြင့် တံငါလုပ်ငန်းများ လုပ်ကိုင်ရာတွင် သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန်ထားရှိသော စည်းကမ်းချက်များကို အလေးထားလိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားပြီး မကွေးတိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ရွှေ က ငါးမျိုးစိုက်ထည့်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ဒေသတွင်း ငါးမျိုးမပြုန်းတီးရေး ၊ ပြည်သူများအတွက် ငါးရိက္ခာဖူလုံစေရေးအတွက် တိုင်းဒေသကြီးအတွင်း ငါးမျိုးစိတ်စိုက်ထည့်ရန် လျာထားမှု အခြေအနေများနှင့် ကိုဗစ် - ၁၉ ကာလ စီးပွားရေးကုစားမှု (CERP)         အစီအစဉ်ဖြင့် ဒေသတွင်း ငါးမွေးတောင်သူ များအား ငါးသားပေါက်များ ထောက်ပံ့ပေးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို က ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာ (အ.ထ.က)ကျောင်းအတွက် ကျောင်းစာကြည့်တိုက်နှင့် သိပ္ပံကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအတွက် အပြီးသတ် ဆောင်ရွက်ပြီးစီးရေး ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် သိန်း(၅၀)အား ကျောင်းအုပ်ဆရာမကြီးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညို ၊ တိုင်းဒေသကြီးစိုက်ပျိုးရေး ၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး ၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်ရွှေနှင့် ဝန်ထမ်းများ ၊ ဖိတ်ကြားထားသည့် တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသတွင်း ငါးရိက္ခာဖူလုံရေးနှင့် ငါးမျိုးမပြုန်းတီးရေးအတွက် ကြီးအုံကြီးဝတမံအတွင်း ငါးမြစ်ချင်းကောင်ရေ ၂၀၀၀၀၀ ၊ ငါးခုံးမကြီးကောင်ရေ ၁၅၀၀၀၀ ၊  စုစုပေါင်း ငါးမျိုးစိတ်ကောင်ရေ ၃၅၀၀၀၀ အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ရဲဝင်းနိုင် ( ညောင်ဦး )