နေပြည်တော် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၌ ငွေကျပ်သိန်း ၄၄၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၉ ရက် ညနေ ၆ နာရီတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်(ည)ရပ်ကွက် ၁၄၀(C)လမ်း ၆၇ x ၆၈ လမ်းကြားတွင် လှသိန်း(ခ)စိုင်းမောင်သိန်း မောင်းနှင်လာသည့် TOYOTA HARRIER ယာဉ်ကို သတင်းအရ ရှာဖွေရာယာဉ်ပေါ်မှ ဆပ်ပြာခွက် ၁၇၆၀ ဖြင့်ထည့်လျက် ငွေကျပ် သိန်း ၄၄၀၀ တန်ဖိုးရှိ ဘိန်းဖြူ ၁၇ ဒသမ ၆ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ည ၇ နာရီတွင် ချမ်းမြသာစည်မြို့နယ် မြို့သစ်(၅)ရပ်ကွက် ၁၁၀ လမ်းနှင့် ၇၃ လမ်းထောင့်တွင်သိမ်းဆည်းရမိ ဘိန်းဖြူများသယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူများဖြစ်သည့် ဇော်ဝင်းထွဋ်နှင့် ရဲမင်းလှိုင်တို့နှစ်ဦးအား ဆိုင်ကယ်တစ်စီးနှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ သိမ်းဆည်းရမိ ဘိန်းဖြူများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သတင်းစဉ်