မကွေး စက်တင်ဘာ ၂
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ခန်းမ၌ စတင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတာ၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။
လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၃)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် (၃)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ ဝန်ကြီး(၂)ဦးတို့က ပြန်လည် ဖြေကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ဒေသန္တရစီမံကိန်းဥပဒေကြမ်း ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့(ကိုယ်စား) စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး က လွှတ်တော်သို့ ဖတ်ကြား တင်သွင်းခဲ့ရာ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၃)ရက်နေ့ လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီး၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား)စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးဝန်ကြီးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ(၃)ရက်နေ့ (နဝမနေ့) လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်သည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေကြမ်းနှင့်စပ်လျဥ်း၍ ဥပဒေပြု ရေးဆိုင်ရာ ကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင်၊ ရေစကြိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဟန်က ဖတ်ကြားတင်သွင်းခဲ့ပြီး၊ သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေ သကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးအောင်က အကြံပြုဆွေးနွေးခဲ့ပြီး၊ ဆွေးနွေး ချက်များအပေါ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ လွှတ်တော်အစည်းအဝေး(ပဥ္စမနေ့)တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ (ကိုယ်စား) ဆာက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ ဖတ်ကြားတင်သွင်းခဲ့သော မကွေးတိုင်းဒေသကြီး လမ်းများ၊ တံတားများ ဥပဒေကြမ်းနှင့်စပ်လျဥ်း၍ ဆောက်လုပ်ရေး၊ ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီးမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ယင်းဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်သည့်အတိုင်း ဥပဒေအဖြစ် လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် ဆောက်လုပ်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးမှ အဆိုတင်သွင်းခဲ့ရာ ငဖဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစန်းကြူက ယင်းဥပဒေအား အတည်ပြု ပေးနိုင်ပါရန် ထောက်ခံ ဆွေးနွေးခဲ့သည်။
ထို့နောက် ယင်းဥပဒေကြမ်းနှင့်စပ်လျဥ်း၍ လွှတ်တော်၏သဘောထားဆန္ဒကိုရယူပြီး ဥပဒေပြု ရေးဆိုင်ရာကော်မတီ၏ အစီရင်ခံစာပါ သဘောထားမှတ်ချက်များအတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးအား လွှတ်တော်က အတည်ပြုကြောင်းနှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ စိစစ်တွေ့ရှိချက်၊ လေ့လာသုံးသပ်ချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာကို လွှတ်တော်တွင် မှတ်တမ်းတင် ထားရှိမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၁၁ နာရီအချိန်တွင် ရပ်နားခဲ့ပြီး အဋ္ဌမနေ့ အစည်းအဝေးကို စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ဆက်လက် ကျင်းပကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)