Skip to main content

မင်းလှမြို့နယ်နှင့် ရေတာရှည်မြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး တပ်စစ်ကြောင်းမှ တပ်သား ၇ ဦးသေဆုံး၊ တပ်ကမီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇ လုံးနှင့် ကြံခင်း ၉ ဧက မီးလောင်ပြာကျဟု သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇန်နဝါရီ ၁၃

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ကျွန်းကုန်းကျေးရွာ ချောင်းမကြီးတံတားအနီးတွင် PDF များက တပ်စစ်ကြောင်းကို ဇန်နဝါရီလ ၁၁ ရက်နံနက်ပိုင်း၌ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၇ ဦး သေဆုံးခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၂ ရက် နံနက်ပိုင်းတွင်လည်း ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာရှိ နေအိမ် ၇ လုံးနှင့် ကြံခင်း ၉ ဧကကို တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့သည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် ကောလာဟလသတင်းများကို ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာနယ်မြေလုံခြုံရေးတာဝန်ရှိသူများနှင့် ဒေသခံပြည်သူတို့၏ ပြောကြားချက်အရ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မင်းလှမြို့နယ်ရှိ ကျွန်းကုန်းကျေးရွာသို့ စစ်ကြောင်းသွားလာမှုမရှိကြောင်းနှင့် မည်သည့်တိုက်ပွဲမှလည်း ဖြစ်ပွားတိုက်ခိုက်မှုမရှိကြောင်း၊ ဇန်နဝါရီ ၁၂ ရက်နေ့တွင်လည်း ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာဘက်သို့ စစ်ကြောင်းသွားလာလှုပ်ရှားမှုမရှိကြောင်းနှင့် ၎င်းနေ့တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ကျေးရွာသို့ ဝင်ရောက်ခဲ့ပြီး ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရပါသည်။

ထိုသို့ PDF အမည်ခံအကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ပေးရန်အတွက် အကြမ်းဖက်အားပေးမီဒီယာများက သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။