နေပြည်တော် ဇန်နဝါရီ ၁၃
အကြမ်းဖက်သောင်းကျန်းသူများက ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားမှုအား ကန့်ကွက်ရှုတ်ချပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပပြုလုပ်လျက်ရှိသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊ မြို့လည်ကျောက်တိုင်ဘောလုံးကွင်း၌လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုးတုံမြို့၊ မြို့မအားကစားကွင်း၊ မိုင်းဖြတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(ဝမ်မိုင်)နှင့် မိုင်းဆတ်မြို့၊ သဗ္ဗညုဘုရားတို့၌လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ မြို့မအားကစားကွင်း၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်းနှင့် ကော့သောင်းမြို့၊ လွတ်လပ်ရေးကျောက်တိုင်ကွင်းတို့၌လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ ရွှေမုဋ္ဌောဘုန်းတော်ကြီးကျောင်းဝင်းနှင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ရခိုင်ဘုရားကြီးဝင်း၊ နတ်မောက်မြို့၊ ဗိုလ်တေဇဘောလုံးကွင်း၊ မြို့သစ်မြို့၊ မြို့မအားကစားကွင်းနှင့် သက်ရက်မြို့၊ ခရိုင်အားကစားကွင်း၌လည်းကောင်း အသီးသီးကျင်းပပြုလုပ်ကြရာ သတ်မှတ်နေရာအသီးသီးမှ ချီတက်စုဝေးကြပြီး သံဃာတော်များနှင့် မျိုးချစ်ပြည်သူ ဦးဆောင်သူများက ဗုဒ္ဓဘာသာအပေါ်ဖျက်ဆီးရန် လုပ်ဆောင်နေမှုများကို ကန့်ကွက်ကြောင်း ဟောပြောကြသည်။
ထို့နောက် ကန့်ကွက်ရှုတ်ချပွဲသို့ တက်ရောက်လာကြသူများက “သာသနာကိုဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များ(ကျရှုံးပါစေ)၊ လူသတ်အကြမ်းဖက်သူပုန် မှန်သမျှ(ဆန်ကျင်ကြ)၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ၀င် တိုင်းရင်းသားများ ကိုးကွယ်ယုံကြည်သည့် ဘုရား၊ စေတီ၊ ဆင်းတုတော်များအား စော်ကားဖျက်ဆီးသူ(ဒို့ရန်သူ)၊ ဘုရား၊ စေတီ၊ ဆင်းတုတော်များကို ဖျက်ဆီးနေသော ပြည်ဖျက်မိစ္ဆာသောင်းကျန်သူများ(ကျရှုံးပါစေ)၊ ဒို့ဘာသာ၊ ဒို့သာသနာ၊ ဒို့ယဉ်ကျေးမှု ဖျက်ဆီးစော်ကားသူများအား(ဆန့်ကျင်ကြ)၊ အကြမ်းဖက်အားပေးလောက်ကောင်များ (အလိုမရှိ)၊ သာသနာဖျက်အကြမ်းဖက်သမားများ (အလိုမရှိ)” စသည့် ကြွေးကြော်သံများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည်။
အဆိုပါ ကန့်ကွက်ရှုတ်ချပွဲများသို့ သက်ဆိုင်ရာ မြို့နယ်အသီးသီးမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မျိုးချစ်ပြည်သူများ တစ်ခဲနက် တက်ရောက်ကန့်ကွက်ရှုတ်ချခဲ့ကြကြောင်း သတင်းရရှိသည်။