နေပြည်တော် ဇန်နဝါရီ ၁၃
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ မောင်တောမြို့နယ်၊ မင်းပြားမြို့နယ်နှင့် အမ်းမြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာများကို တပ်မတော်ကလက်နက်ကြီး၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦး သေဆုံးကာ ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
ဖြစ်စဉ်မှာ အဆိုပါမြို့များအနီး လုံခြုံရေးတာဝန်ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များကို AA သောင်းကျန်းသူများက အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drop Bomb ချ တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့ပစ်ခတ်သည့် လက်နက်ကြီးကျည်များ၊ Drop Bomb ဗုံးများသည် ဒေသခံပြည်သူများနေထိုင်ရာ မြို့ရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲမှုများရှိခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်များ ဆုံးရှုံးထိခိုက်စေသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များကိုဖုံးကွယ်ပေးရန်နှင့် တပ်မတော်အပေါ် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်အတွက် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက သတင်းတုသတင်းမှားများကို လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။