Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ်(မအူပင်)နှင့် ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်များသို့ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၁၃

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၁၂ ရက်မှ ၁၃ ရက်အထိ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့ရှိ နည်းပညာတက္ကသိုလ်(မအူပင်)နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာ ဇန်နဝါရီ ၁၂ ရက်မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မအူပင်မြို့ရှိ နည်းပညာတက္ကသိုလ်(မအူပင်)သို့ ရောက်ရှိကာ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပါမောက္ခချုပ်က ကျောင်းဆိုင်ရာများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သည့် အရည်အချင်းပြည့်ဝသော အင်ဂျင်နီယာများကို မွေးထုတ်ပေးခြင်းဖြင့် လူမှုအသိုင်းအဝန်းတွင် နည်းပညာကဏ္ဍဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးနိုင်သည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ စက်ပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများနှင့် ကျောင်းသား၊ ကျောင်းသူအိပ်ဆောင်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဇန်နဝါရီ ၁၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာအချက်အလက်များ ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကျောင်းသား၊ ကျောင်းသူများအား အရည်အချင်းပြည့်ဝမှုရှိစေရန် လေ့ကျင့်သင်ကြားပေးရန် လိုအပ်သကဲ့သို့ ကျောင်းသား၊ ကျောင်းသူများကလည်း ကြိုးစားလေ့လာသင်ယူကြရန်၊ နိုင်ငံတကာတက္ကသိုလ်များနှင့် ရင်ဘောင်တန်းနိုင်ရန် ပညာရေးနယ်ပယ်ကဏ္ဍအသီးသီးတွင် မျက်ခြေမပြတ် အစဉ်လေ့လာ ကြိုးစားအားထုတ်ကြရန် လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိဒေသတွင်းမှ လိုအပ်ချက်များပေါ်မူတည်၍ သုတေသနလုပ်ငန်းများကို လုပ်ဆောင်ကြရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့လုပ်ငန်းများကို ဆောင်ရွက်ရာ၌ အမှန်တကယ်လိုအပ်သည့် လက်တွေ့ပစ္စည်းများကို စီမံချက်များရေးဆွဲပြီး ဖြည့်ဆည်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ လက်တွေ့ခန်းများအား သင်ရိုးညွှန်းတမ်းနှင့်အညီ ဖြည့်ဆည်း၍ ကျောင်းသား ကျောင်းသူများကို စနစ်တကျလေ့ကျင့်ပေးရန် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းစိမ်းလန်းစိုပြေမှုရှိစေရေး ဆောင်ရွက်ထားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်းများ၊ သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများ၊ လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို လမ်းညွှန်မှာကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)